ဟာဝိုင်အီကျွန်းစုထဲက မောက်အီကျွန်းမှာ တောမီးကြောင့် အဆောက်အအုံတွေ ပြာနဲ့အမှိုက်တွေပဲ ကျန်တဲ့အထိ လောင်ကျွမ်းသွားပြီး ဩဂုတ် ၁၀ ရက်အထိ သေဆုံးသူ ဦးရေဟာ ၅၅ ဦးအထိ မြင့်တက်လာပါတယ်။
သေဆုံးသူဦးရေ တိုးလာဖွယ်ရှိပြီး ပြန်လည်တည်ဆောက်ရေးက နှစ်ပေါင်းများစွာ အချိန်ယူရမယ်လို့ ဟာဝိုင်အီ အာဏာပိုင်တွေက ပြောပါတယ်။
တောမီး လောင်ကျွမ်းခံရပြီးနောက်မှာ လဟိုင်းနား အပန်းဖြေမြို့ဟာ မီးခိုးတွေကြားက အပျက်အစီးပုံတွေအဖြစ် ပြောင်းသွားပုံကို မှတ်တမ်းတင်ထားတဲ့ လူမှုကွန်ရက်က ဗီဒီယိုကို ဟာဝိုင်အီ အထက်လွှတ်တော်အမတ် ဘရိုင်ယန် ရှဲ့ထ်ဇ်က ပြသခဲ့ပါတယ်။
မောက်အီကျွန်းရဲ့ အနောက်ပိုင်းကနေ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဒေသခံ ထောင်ပေါင်းများစွာကို ကျွန်းပေါ်ရှိ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပြီး တချို့ကလည်း အနီးအနားရှိ အိုအာဟူကျွန်းကို သွားရောက် ခိုလှုံကြပါတယ်။
အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ မောက်အီကျွန်းမှာ အင်္ဂါနေ့ညက မီးလောင်မှုကြီး ၃ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး သမိုင်းဝင် လဟိုင်းနားမြို့ရှိ အဆောက်အအုံပေါင်း ၂၇၀ ကျော် ပျက်စီးယိုယွင်းသွားခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဟာဝိုင်အီအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြေညာချက်ကို အတည်ပြုခဲ့ပါတယ်။
အဆိုပါတောမီး လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက အတည်မပြုနိုင်သေးပေမဲ့ အမျိုးသားမိုးလေဝသဌာနကတော့ အသီးအရွက်ခြောက်တွေ၊ လေပြင်းတိုက်ခတ်မှုနဲ့ စိုထိုင်းဆနည်းပါးမှုတွေက မီးလောင်ဖို့ အားပေးသလိုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
Source - Reuters