အပူပိုင်းမုန်တိုင်း တိုင်ဖွန်း ခါနန်ဟာ ဂျပန်ကို ဝင်ရောက်တိုက်ခတ်ပြီးလို့ ကိုရီးယား ကျွန်းဆွယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် သြဂုတ် ၁၁ ရက်က မြောက်ကိုရီးယားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က ထုတ်ပြန်ပါတယ်။
KRT ရုပ်သံလိုင်းဟာ တညလုံး ဒေသအသီးသီးရှိ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုဆိုင်ရာ သတင်းတွေကို ထုတ်လွှင့်ခဲ့ပါတယ်။
မုန်တိုင်းဟာ မြို့တော်ပြုံယမ်းကို ဝင်ရောက်လာမယ်လို့ မျှော်လင့်ထားသလိုပဲ အရှိန်အဟုန်နဲ့ တိုးဝင်လာတယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားက သြဂုတ် ၁၀ ရက်က ဖော်ပြခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားလုပ်ငန်းက တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေဟာ အချိန်နဲ့တပြေးညီ ဆောင်ရွက်နေကြောင်း KCNA သတင်းဌာနက ပြောကြားခဲ့ပါတယ်။
မုန်တိုင်းဟာ မြောက်ကိုရီးယားကို ညတွင်းချင်း ဖြတ်ကျော်လာချိန်မှာ အားပျော့သွားပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ်ကို ပြောင်းလဲသွားပါတယ်။
အခြေခံအဆောက်အအုံတွေ ချို့တဲ့မှုနဲ့ သစ်တောပြုန်းတီးမှုတို့ကြောင့် ရေဘေးအန္တရာယ် ပိုဆိုးရွားလာနိုင်ပြီး ရေကြီးပျက်စီးမှုတွေအတွက် ပြုံယမ်းကို သတိပေးထားပါတယ်။
မြောက်ကိုရီးယားဟာ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနေခဲ့ပြီး စစ်တပ်နဲ့ အာဏာရပါတီတို့ကလည်း ရေဘေးလျော့ပါးရေး အစီအမံတွေနဲ့ ကောက်ပဲသီးနှံတွေ ပြန်လည်ဆယ်တင်ရေးတို့ကို ပြင်ဆင်ထားဖို့ အမိန့်ထုတ်ထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
Source - Reuters