အာဖဂန်နစ္စတန်ရဲ့ ဘဏ်လုပ်ငန်းကဏ္ဍမှာ သီးခြားဖြစ်ကျန်နေမှုကို ဖြေလျှော့ဖို့ ကြိုးပမ်းမှု အနေနဲ့ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုတွေ အဆင်ပြေချောမွေ့စေရေးအတွက် တာလီဘန် ကိုယ်စားလှယ်အဖွဲ့ဟာ မကြာသေးခင်က ကာဇက်စတန်ခရီးစဉ်မှာ ပုဂ္ဂလိကဘဏ်တွေနဲ့ ဆွေးနွေးခဲ့ကြောင်း ယာယီ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက သြဂုတ် ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ယာယီဝန်ကြီး နူးရွတ်ဒင် အဇီဇီက “ဘဏ်လုပ်ငန်းကိစ္စတွေက အာဖဂန်နစ္စတန်ရဲ့ အဓိက ထွက်ကုန်ပစ္စည်းတွေကို ထိခိုက်စေတယ်။ အများအားဖြင့် ဘဏ်အခကြေးငွေ ၅ ရာခိုင်နှုန်းလောက် ပေးရတာကြောင့် ငွေလွှဲခတွေရဲ့ ဈေးနှုန်းကို ကျဆင်းစေမယ့် နည်းလမ်းကောင်းတွေ ရှာဖွေဖို့ ကြိုးစားနေပြီး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း” ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အာဖဂန် စီးပွားကူးသန်းဝန်ကြီးဌာန ယာယီဝန်ကြီး အဇီဇီဟာ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ကာဇက်စတန်ကို သွားရောက်ခဲ့ရာမှာ ဘဏ်လုပ်ငန်းအပြင် ဦးစားပေး ကုန်သွယ်ခွန် အလားအလာ၊ ဆက်သွယ်ရေးပရောဂျက်တွေနဲ့ တောင်အာရှကို ရုရှားရေနံတင်ပို့မှု အလားအလာတွေအတွက် အပါအဝင် ဖြတ်သန်းရာ လမ်းကြောင်းတွေကို ဆွေးနွေးခဲ့ကြောင်း အင်တာဗျူးတခုမှာ ရိုက်တာကို ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က နိုင်ငံခြားတပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီး တာလီဘန်တွေ အာဏာယူခဲ့တဲ့နောက်ပိုင်း အာဖဂန်နစ္စတန်ရဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေ အဟန့်အတားဖြစ်နေပြီး နိုင်ငံတကာ အရောင်းအဝယ်တွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်သတ်ထားပါတယ်။
Source - Reuters