Barbie ရုပ်ရှင်ဇာတ်ကားဟာ ကျင့်ဝတ်တန်ဖိုးတွေ၊ လိင်တူဆက်ဆံတာနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ သွေဖည်မှုတွေကြောင့် ပိတ်ပင်ခဲ့တယ်လို့ လက်ဘနွန်နဲ့ ကူဝိတ် အစိုးရတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သြဂုတ် ၁၀ ရက်မှာ လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။
လက်ဘနွန် ယဥ်ကျေးမှုဝန်ကြီး မိုဟာမက်မော်တာဒါက Barbie ရုပ်ရှင်ဇာတ်ကားဟာ အကျင့်စာရိတ္တကို ပျက်ပြားစေခြင်းနဲ့ လိင်တူဆက်ဆံခြင်းကို မြှင့်တင်ပေးတယ်လို့ အကြောင်းပြချက်နဲ့ အဲဒီရုပ်ရှင်ကို မပြသဖို့ နိုင်ငံရဲ့ အထွေထွေလုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။
ပွဲဦးထွက်ကတည်းက လူစိတ်ဝင်စားမှုများပြားပြီး Box Office မှာ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့တဲ့ Barbie ရုပ်ရှင်ဇာတ်ကားဟာ လွဲမှားတဲ့ အယူအဆတွေနဲ့ ဓလေ့ထုံးတမ်း အစဥ်အလာတွေကို သွေဖည်ခဲ့တာကြောင့် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သြဂုတ် ၉ ရက်မှာ လက်ဘနွန်က ကြေညာခဲ့ပါတယ်။
တချိန်တည်းမှာ ကူဝိတ် ရုပ်ရှင်ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ သတင်းအချက်အလက် ကော်မတီက သြဂုတ် ၈ ရက်နေ့မှာ Barbie ရုပ်ရှင်ဇာတ်ကားကို နိုင်ငံအတွင်း ပြသခွင့် တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
အရုပ်ပုံစံတွေနဲ့ပတ်သက်တဲ့ ဟာသတွေဟာ ကူဝိတ် လူ့အဖွဲ့အစည်းနဲ့ အများပြည်သူဆိုင်ရာ အစီအစဥ်အတွက် ဂြိုဟ်သားဆန်တဲ့ အကြံဉာဏ်တွေနဲ့ ယုံကြည်ချက်တွေကို မြှင့်တင်ပေးနိုင်တာကြောင့် ပိတ်ပင်ခဲ့တာလို့ ကူဝိတ်နိုင်ငံပိုင် သတင်းအေဂျင်စီ KUMA က ထုတ်ပြန်ခဲ့ပါတယ်။
ကူဝိတ် ရုပ်ရှင်ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ သတင်းအချက်အလက် ကော်မတီ အကြီးအကဲ လာဖီအယ်ဆူဖီက အများပြည်သူဆိုင်ရာ ကျင့်ဝတ်နဲ့ ဆန့်ကျင်တဲ့ ပြကွက်တွေကို ဆင်ဆာဖြတ်ပြီး ပြသခွင့်ပေးပေမဲ့ Barbie ရုပ်ရှင်ဇာတ်ကားဟာ ဂြိုဟ်သားဆန်တဲ့ ပြကွက်တွေနဲ့ လက်မခံနိုင်တဲ့ ပြကွက်တွေ ပါတာကြောင့် ပိတ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကူဝိတ်နဲ့ လက်ဘနွန်တို့ဟာ Barbie ရုပ်ရှင်ဇာတ်ကားအပြင် သဲထိတ်ရင်ဖို သဘာဝလွန်ဇာတ်ကား “Talk to Me” ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။
မကြာသေးမီကလည်း Barbie ရုပ်ရှင်ဇာတ်ကားမှာ အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ် ပိုင်နက်ကို တရုတ်နိုင်ငံထဲ ထည့်ထားတဲ့ မြေပုံကြောင့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်က ပိတ်ပင်ခဲ့ပါသေးတယ်။
“Barbie” ရုပ်ရှင်ဇာတ်ကားကို လက်ဘနွန်နဲ့ ကူဝိတ်တို့က ပိတ်ပင်ခဲ့ပေမဲ့ ဆော်ဒီအာရေဗျ၊ ဘာရိန်းနဲ့ ယူအေအီးတို့မှာ ပြသသွားမယ်လို့ ကြေညာခဲ့ပါတယ်။
Source - Los Angeles Times