ကမ္ဘာ့ဆေးလိပ်သောက်နှုန်း အမြင့်မားဆုံး နိုင်ငံ ၂၀ မှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ သြဂုတ် ၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ စစ်တမ်းအရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဆေးလိပ်သောက်နှုန်း အများဆုံး နိုင်ငံတွေမှာ မြန်မာနိုင်ငံက နံပါတ် ၁၉ နေရာမှာရှိနေပြီး မြန်မာနိုင်ငံလူဦးရေရဲ့ ၅ ပုံ ၁ ပုံခန့် ဆေးလိပ်သောက်သုံးနေပါတယ်။
ဆေးလိပ်သောက်သုံးမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် မြန်မာနိုင်ငံမှာ နှစ်စဥ် လူ ၆၄,၀၀၀ ခန့် သေဆုံးနေပြီး သေဆုံးမှုရဲ့ ၅၆ ရာခိုင်နှုန်းဟာ အသက် ၇၀ အောက်အရွယ်တွေ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဆေးလိပ်သုံးစွဲမှု ပမာဏဟာ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရှိခဲ့ပြီး တိုင်းပြည် GDP ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာပဲ ဆေးလိပ်သောက်သုံးမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကြစရိတ် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံအထိ ရှိခဲ့ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံဟာ အင်ဒိုနီးရှားနဲ့ လာအို ပြီးရင် တတိယမြောက် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာ ဆေးလိပ်သောက်သုံးသူ ၁ ဘီလီယံခန့်ရှိပြီး ဆေးလိပ်သောက်သူ အများစုဟာ ဝင်ငွေနည်းပြီး အခြေခံလူတန်းစားများတဲ့ နိုင်ငံတွေမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) စစ်တမ်းတခုအရ သိရပါတယ်။