Home
မြန်မာသတင်း
နမ့်ခမ်းတွင် မြေပြိုပြီး ကလေး ၁ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
August 10, 2023
NamtKham ground fail 10082023 1
NamtKham ground fail 10082023 2
NamtKham ground fail 10082023 3
NamtKham ground fail 10082023 4

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ဩဂုတ် ၉ ရက် မနက်ပိုင်းက မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ခုမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကလေးတယောက် မြေပိသေဆုံးကာ အမျိုးသမီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်ခမ်းမြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

မနေ့ မနက် ၉ နာရီလောက်က ဖာလင်ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာမှာ မြေပြိုကျခဲ့တာကြောင့် အသက် တနှစ်ခွဲအရွယ် ကလေး တယောက် သေဆုံးခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တယောက်နဲ့ သုံး နှစ်အရွယ် မိန်းက‌လေး တယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။

နမ့်ခမ်းမြို့ခံ ကယ်ဆယ်ရေးအသင်းတခုရဲ့ တာဝန်ရှိသူက “မန်ကန်မှာ ကလေးတဦး မြေပြိုတဲ့အချိန် ပိပြီး သေဆုံးပါတယ်။ အသက် တနှစ်ခွဲနဲ့ နှစ် နှစ်လောက်ရှိပြီ။ မန်ကန်ကပဲ အမျိုးသမီး နှစ်ဦးက တယောက်က ပြတ်ရှဒဏ်ရာ၊ တယောက်က အိမ်ပြိုတော့ ထိမိတဲ့ဒဏ်ရာတွေ ရထားတယ်။ ကလေးက အိမ်‌မှာနေရင်း ဖြစ်တာလို့ ပြောတယ်။ အိမ်ဘယ်နှလုံးလောက် ပြိုလဲ‌တော့ အတိအကျ မသိသေးပါဘူး။ မြေပြိုတဲ့အချိန် ဘုန်းကြီးကျောင်းတွေ ပျက်စီးတာတွေတော့ တွေ့ရတယ်” လို့ ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ TNLA တပ်ဖွဲ့ရဲ့ တပ်မဟာ ၁ ဒေသထဲမှာ ပါရှိတယ်လို့ သိရပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို နမ့်ခမ်းမြို့နယ်မီးသတ်နဲ့ အရပ်ဘက်အသင်းတွေက ပူးပေါင်းကူညီ ကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိခိုက်ပျက်စီးမှုတန်ဖိုးကို မြို့နယ်မီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပြီး ဩဂုတ် ၈ ရက် ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာနေခဲ့တာကြောင့် နမ့်ခမ်းမြို့နယ်ရှိ မန်ကန်ရွာ အပါအဝင် မန်လုံ၊ နမ့်ဟွမ်၊ ကောင်းခေ၊ ပန်လော၊ ပန်ခါး၊ လွယ်မွန်း၊ ဆိုင်တောင်၊ ဆာလူ၊ မန်အောင်၊ ဖာလင်၊ ကြူဆိုင်း၊ ပန်ဟန်ကြီးရွာနဲ့ မန်စပ်ရွာတွေမှာပါ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024