ဆူဒန်နိုင်ငံ ဒါဖာဒေသမှာ တိုက်ပွဲတွေ ဖြစ်နေချိန် နိုင်ငံကို လွှမ်းခြုံနိုင်တဲ့ လူမျိုးရေးတင်းမာမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးရွားတဲ့ အတိုင်းအတာအထိ ရောက်နေပြီလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက လုံခြုံရေးကောင်စီကို သြဂုတ် ၉ ရက်မှာ ပြောခဲ့ပါတယ်။
ပို့ထ်ဆူဒန်ကို ထွက်ပြေးသွားသူတွေဆီက ကြားရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရဲ့ စိုးရိမ်စရာမှတ်တမ်းတွေဟာ နိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားရာ နေရာတွေမှာ ထပ်ခါတလဲလဲ ဖြစ်နေတဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေး အကြီးတန်းအရာရှိ အီဒမ် ဝေါ်ဆော်နူက ပြောပါတယ်။
လူထုအုံကြွမှုကြီးအတွင်း သမ္မတဟောင်း အိုမာ အယ်လ် ဘတ်ရှီးယားကို ဖြုတ်ချပြီး လေးနှစ်အကြာ ဧပြီ ၁၅ ရက်နေ့မှာ စစ်ပွဲဖြစ်ပွားခဲ့တာပါ။
ဆူဒန်စစ်တပ် (SAF) နဲ့ ၂၀၂၁ ခုနှစ်မှာ ပူးတွဲအာဏာသိမ်းခဲ့တဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF) အကြား တင်းမာမှုတွေကြောင့် အရပ်သားအုပ်ချုပ်ရေးဆီ ကူးပြောင်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ပါတယ်။
သက္ကရာဇ် ၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ RSF က ဖွဲ့စည်းခဲ့တဲ့ ဂျန်ဂျာဝိဒ် ပြည်သူ့စစ်တွေဟာ ဒါဖာဒေသက အာရပ်မဟုတ်တဲ့ အုပ်စုတွေရဲ့ အဓိကပုန်ကန်မှုကို အစိုးရက ချေမှုန်းဖို့ ကူညီခဲ့ဖူးပါတယ်။
လူပေါင်း ၃ သိန်းလောက် သေဆုံးခဲ့ရပြီး ဆူဒန်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးက အလိုရှိနေပါတယ်။
လက်ရှိစစ်ပွဲကြောင့် လူပေါင်း ၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သူတို့ထဲက လူပေါင်း ၃ ဒသမ ၂ သန်းဟာ ပြည်တွင်း အိုးအိမ်မဲ့ ဖြစ်နေကြရတာပါ။
လူ ၉၀၀,၀၀၀ နီးပါးကတော့ ချဒ်၊ အီဂျစ်၊ တောင်ဆူဒန်နဲ့ တခြားနိုင်ငံတွေဆီ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
Source - Reuters