အမေရိကန်ဘဏ္ဍာရေးဌာနဟာ သြဂုတ် ၉ ရက်က ဘယ်လာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်ထပ်လုပ်လိုက်ပြီး ဘယ်လာရုစ်အစိုးရကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲထားတဲ့ စာရင်းတခုထဲ လူပုဂ္ဂိုလ် ၈ ဦးနဲ့ အဖွဲ့အစည်း ၅ ခုကို ဖြည့်သွင်းလိုက်ပါတယ်။
ပိတ်ဆို့အရေးယူမှုအတွက် ပစ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၃ ခုနဲ့ အဲဒီလုပ်ငန်းတွေထဲက လုပ်ငန်းခွဲတခုနဲ့ ဒါရိုက်တာတို့ ပါဝင်ကြောင်း ဘဏ္ဍာရေးဌာနက ပြောပါတယ်။
ပိတ်ဆို့အရေးယူမှုတွေမှာ ဘယ်လာရုစ် အစိုးရအေဂျင်စီတခုက ဝန်ထမ်း ၄ ဦး၊ လူကာရှန်ကိုရဲ့ အစိုးရကို ထောက်ခံတဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့ ကူညီဆောင်ရွက်ပေးနေသူ ၃ ဦးနဲ့ ပိတ်ဆို့ထားတဲ့ ပိုင်ဆိုင်မှုအဖြစ် ဖော်ထုတ်ထားတဲ့ လေယာဉ်တစင်းတို့ ပါဝင်ကြောင်းလည်း ဖြည့်စွက် ဖော်ပြထားပါတယ်။
ဘယ်လာရုစ်နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က သမ္မတရွေးကောက်ပွဲအပြီး လူကာရှန်ကိုအစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက သူ့ကိုဖြုတ်ချဖို့ ကြိုးစားနေတယ် ဆိုပြီးတော့ အနောက်နိုင်ငံတွေကို ထပ်ခါတလဲလဲ စွပ်စွဲခဲ့ပါတယ်။
အတိုက်အခံတွေက လိမ်လည် အနိုင်ရခဲ့တယ်လို့ ပြောထားပြီး လူကာရှန်ကိုကလည်း သူဟာ မျှမျှတတ အနိုင်ရခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ကာ အတိုက်အခံတွေကို အပြင်းအထန် ဖြိုခွင်းခဲ့ပါတယ်။
၁၉၉၄ ခုနှစ်ကတည်းက လူကာရှန်ကို ဦးဆောင်တဲ့ ဘယ်လာရုစ်ဟာ ဆိုဗီယက်နိုင်ငံဟောင်းတွေကြားမှာ ရုရှားရဲ့ အခိုင်မာဆုံး မဟာမိတ်လည်း ဖြစ်ပါတယ်။
မေလတုန်းက ရုရှားဟာ ဘယ်လာရုစ်ပိုင်နက်ထဲမှာ နည်းဗျူဟာမြောက် နျူးကလီးယား လက်နက်တွေကို နေရာချထားမယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။
Source - Reuters