အင်္ဂလန်ထိပ်သီးကလပ် ချဲလ်ဆီးအသင်းဟာ အသင်းခေါင်းဆောင်အသစ်အဖြစ် ညာနောက်ခံလူ ရီစီဂျိန်းစ်ကို တရားဝင် ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ ဩဂုတ် ၁၀ ရက် မနက်အစောပိုင်းမှာ ကြေညာပါတယ်။
ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီလီကွီတာဟာ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့သွားပြီးနောက် လစ်လပ်နေတဲ့ အသင်းခေါင်းဆောင်နေရာအတွက် ရီစီဂျိန်းစ်ကို ပေးအပ်ခဲ့ပါတယ်။
အသင်းခေါင်းဆောင်သစ် ရီစီဂျိန်းစ်က “အသင်းခေါင်းဆောင်ဆိုတဲ့ ခုလိုတာဝန်ကြီးတွေ ထမ်းဆောင်ရတဲ့အတွက် အလွန်ဂုဏ်ယူပါတယ်။ ဒီအသင်းက ကြီးကျယ်ခမ်းနားတဲ့ အသင်းခေါင်းဆောင်တွေ အများကြီးရှိခဲ့သလို ကျနော်စံပြုရမယ့် ပုဂ္ဂိုလ်တွေရဲ့ ခြေရာကို နင်းဖို့ အများကြီး ကြိုးစားရဦးမှာပါ။ ဒါပေမဲ့ ချဲလ်ဆီးအသင်းခေါင်ဆောင်ဖြစ်ခဲ့တဲ့ ခံစားချက်က ကျနော်နဲ့ ကျနော့်မိသားစုအတွက် အရမ်းကောင်းတဲ့ ခံစားချက်ပါ” လို့ ပြောပါတယ်။
ရီစီဂျိန်းစ်ဟာ အရင်တုန်းကလည်း ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီလီကွီတာ မပါဝင်တဲ့ ပွဲတွေမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။
ချဲလ်ဆီးလ်နည်းပြ ပိုချက်တီနိုကလည်း ရီစီဂျိန်းစ်ကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာဟာ အသင်းနဲ့ သူ့အကြားမှာ သေချာတိုင်ပင်ဆွေးနွေးပြီး ရွေးချယ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဝါရင့်ကစားသမားတွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗား၊ ဘန်ချီဝဲလ်နဲ့ အင်ဇို ဖာနန်ဒက်ဇ် တို့ဟာလည်း အသင်းခေါင်းဆောင်အဖြစ် လျာထားစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ရီစီဂျိန်းစ်ကိုပဲ ခန့်အပ်ခဲ့ပါတယ်။
ရီစီဂျိန်းစ်ဟာ ချဲလ်ဆီးအသင်းအတွက် ၁၄၇ ပွဲကစား ၁၁ ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို ရရှိခဲ့ပါတယ်။