မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စစ်တပ်ရဲ့ ထိပ်တန်းစစ်ဦးစီးချုပ်ကို ရာထူးက ထုတ်ပယ်လိုက်ကာ သူ့နေရာမှာ ကာကွယ်ရေးဝန်ကြီးကို အစားထိုးမှာဖြစ်ပြီးတော့ စစ်ပြင်ဆင်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။
ကင်မ်ဂျုံအန်းဟာ သြဂုတ် ၉ ရက်မှာ ပြုလုပ်တဲ့ ဗဟိုစစ်ကော်မရှင် အစည်းအဝေးမှာ မှတ်ချက်ပြု ပြောကြားခဲ့တာဖြစ်ပြီး စစ်ပွဲဖြစ်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့၊ လက်နက်ထုတ်လုပ်မှု မြှင့်တင်ဖို့နဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တိုးချဲ့ဆောင်ရွက်ဖို့တိုက်တွန်းတယ်လို့လည်း မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား KRT က သြဂုတ် ၁၀ ရက်မှာ ထုတ်လွှင့်ပါတယ်။
ကင်မ်ဟာ မြောက်ကိုရီးယားရဲ့ ရန်သူတွေကို ဟန့်တားဖို့ အစီအမံတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြသွားပါတယ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပတ်ခ်ဆူအီရဲ့ နေရာမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ရီယောင်ဂီလ်ကို အစားထိုးခန့်အပ်ဖို့ အမည်ပေးထားပြီး အသေးစိတ်ကိုတော့ နိုင်ငံပိုင်မီဒီယာက မဖော်ပြသွားပါဘူး။ ရီဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်တာဝန်ယူမယူကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
KRT က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ကင်မ်ဂျုံအန်းဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့နဲ့ အနီးတဝိုက်ရှိ ဧရိယာတွေကို မြေပုံပေါ်မှာ ညွှန်ပြနေတာကို ပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သူဟာ လက်နက်စက်ရုံတွေကို သွားရောက်ခဲ့ပြီး ဒုံးကျည်အင်ဂျင်တွေ၊ အမြောက်တွေနဲ့ တခြားလက်နက်တွေကို ထပ်ပြီး တည်ဆောက်ထုတ်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
Source - Reuters