ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင် မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်တွေထဲမှာ အခုရက်ပိုင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းတာကြောင့် ရေကြီးရေလျှံပြီး လူနေအိမ်တွေနဲ့ လယ်ယာ စိုက်ခင်းတွေထဲမှာ ရေတွေဝင်ရောက်နေပါတယ်။
အထူးသဖြင့် နမ့်မ၊ နမ့်မောဝ်း(ရွှေလီ )၊ နမ့်ပေါ် ၊ နမ့်ဝမ်း စတဲ့ မြစ်ရေချောင်းရေတွေ လျှံကျပြီး အနီးနားတဝိုက် ကျေးရွာတွေနဲ့ လယ်ယာစိုက်ခင်းတွေထဲ ရေဝင်ရောက်ကုန်တယ်လို့ နမ့်ခမ်းဒေသခံက ဒီဗွီဘီကို ပြောပါတယ်။
“မိုးရွာတာ တစ်ပတ်လောက်ရှိပြီ၊ ရွာလိုက်တိတ်လိုက်နဲ့၊ တမြန်နေ့နဲ့ မနေ့ကတော့ တနေ့လုံး တညလုံး ဆက်တိုက်ရွာလို့ မြစ်ချောင်းရေလျှံတယ်။ တောင်ကျချောင်းရေတွေလည်း ပါတယ်။ နမ့်ခမ်းအနိမ့်ပိုင်းရပ်ကွက်လည်း ရေဝင်တယ်။ တချို့လည်း အမြင့်ကို ရွှေ့ပြောင်းရတယ်လို့ ပြောတယ်။ ပျက်စီးဆုံးရှုံးမှုတွေတော့ မသိရပါဘူး။ ရှိတော့ရှိမှာပါ။ လယ်ကွက်နဲ့ စိုက်ခင်းတွေပေါ့။”
ရေကြီးရေလျှံခဲ့တဲ့ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ ပန်ခမ်းရပ်၊ ကုလားကုန်းရပ်၊ တိန်းလုံရွာ၊ နမ့်မရွာ၊ နောင်ယန်းရွာ စတာတွေဖြစ်ပြီးတချို့နေရာမှာ ဒူးဆစ်ထိ မြင့်တက်ကြောင်း၊ မူဆယ်-နမ့်ခမ်းသွား ကားလမ်းပေါ်မှာ ရေတွေလျှံကျလို့ ယာဉ်အသွားအလာပြတ်တောက်ခဲ့သလို နောင်မ၊ မန်ဆွန်း ကျေးရွာဘက်က ရေကြောင်းလမ်းတွေလည်း ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့ည ၈ နာရီလောက်မှာတော့ ရေတွေ တဖြည်းဖြည်း ပြန်ကျသွားပြီး ဒီကနေ့မနက်တော့ အခြေအနေပုံမှန်ပြန်ဖြစ်နေပြီလို့ နမ့်ခမ်းဒေသခံက ပြောပါတယ်။
ဓာတ်ပုံ - HMS ပရဟိတအသင်း/ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက် ရေကြီးမှုအခြေအနေ