ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ သြဂုတ် ၇ ရက် ညက လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လေပြင်းတိုက်ခတ်တဲ့အတွက် နဘဲကွင်းကျေးရွာက နေအိမ် ၄၅ လုံး၊ ကိုင်းတောစုကျေးရွာက နေအိမ် ၉ လုံး၊ အလယ်စုကျေးရွာက နေအိမ် ၆ လုံး၊ ရင်းတိုက်ကွင်းရွာက နေအိမ် ၃၈ လုံး ပြိုကျပျက်စီးပြီး ဘုန်းကြီးကျောင်း အဆောက်အဦ ၄ လုံးနဲ့ နေအိမ် ၇ လုံး အမိုးလန်သွားခဲ့တာပါ။
လေဘေးသင့် ဒေသခံတဦးက “ရွာလုံးကျွတ်နီးပါးကို အိမ်တွေ ပျက်စီးကုန်တာ။ အခုလည်း မိုးက ဆက်ရွာနေတယ်၊ အိမ်က မရှိတော့ဘူး။ ဆွေမျိုးနီးစပ်တဲ့ နေအိမ်တွေမှာ လိုက်နေရတယ်။ အကူအညီတွေလည်း လိုအပ်နေတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၈ ရက် ညကလည်း မိုးသည်းထန်ပြီး လေပြင်းတိုက်လို့ လက်ပံတန်းမြို့နယ် ဂွေးတောက်ကွင်းကျေးရွာအုပ်စုမှ ၂၃၀ ကေဗီ ပင်မဓာတ်အားတိုင် ပြိုလဲကျခဲ့သလို နေအိမ် ၁၅ လုံး အမိုးလန်ပျက်စီးသွားပါတယ်။
မင်းလှမြို့နယ်မှာလည်း သြဂုတ် ၉ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းလို့ စစ်ကွင်းမြို့ အနောက်တာဆုံရွာနဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနစ်မြုပ်တာပါ ထပ်မံကြုံတွေ့နေရပါတယ်။