စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အတွင်းက စစ်ရှောင်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ Western Chindwin Association (WCA) တို့ ပူးပေါင်းကာ သြဂုတ် ၇ ရက်က ငွေကြေးနဲ့ စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ပုလဲမြို့နယ်အတွင်းက သတင်းရွာ၊ မင်းမရွာနဲ့ ရွာသစ်ကျေးရွာတွေကို အသား၊ ငါး၊ စားသုံးဆီ၊ ဟင်းခတ်ပစ္စည်းတွေ အပါအဝင် ငွေသား ကျပ် ၅၀၀,၀၀၀ ကိုလည်း သွားရောက်ကူညီ ထောက်ပံ့လှူဒါန်းခဲ့ကြတယ်လို့ WCA က ဒီနေ့ သြဂုတ် ၉ ရက် ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်ရှောင်နေရာ ၄ နေရာမှာခိုလှုံနေကြတဲ့ စစ်ရှောင်ပြည်သူ ၄၅၀၀ လောက်အတွက် လှူဒါန်းခဲ့တာလို့ ချင်းတွင်းအနောက်ပိုင်းဒေသ Western Chindwin Association (WCA) တာဝန်ခံ ကိုစိုပြေမင်းထင်က ပြောပါတယ်။
“စစ်ရှောင်တွေဟာ အိုးအိမ်တွေကို ရုတ်တရက် စွန့်ခွာ ထွက်ပြေးလာရတာ ဖြစ်ပါတယ်။ စကစတပ်သားတွေဟာ နှောရိုး၊ လှော်ကားတို့လိုမှာ ရပ်ရွာတွေထဲတင်မကဘဲ စစ်ရှောင် တဲတိုက်တွေအထိ စားနပ်ရိက္ခာတွေ၊ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ၊ စိုက်ပျိုးသီးနှံတွေ၊ လက်ဝတ်ရတနာတွေ အထိပါ ဝင်ရောက်ယူငင်တာဖြစ်တယ်။ အရေးပေါ် စစ်ရှောင်ကြရတာ ဖြစ်တဲ့အတွက် ပြည်သူလူထုက ဘယ်လိုမှ မသယ်ဆောင်နိုင်ကြတာကြောင့် လတ်တလော အစားအစာ အခက်အခဲ ရှိနေကြလို့ အသား၊ ငါးရယ်၊ ဟင်းချက်စရာတွေနဲ့ စားသုံးဆီနဲ့ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် ငွေကြေးတွေ သွားရောက်ကူညီခဲ့ကြပါတယ်။”
ပုလဲမြို့နယ်ထဲ ဝင်ရောက်နေတဲ့ စစ်ကြောင်းက ဒီနေ့မနက် ၈ နာရီခွဲက ယင်းမာပင်နယ်ထဲ ဝင်ရောက်သွားလို့ စစ်ရှောင်တချို့ ကိုယ့်ရပ်ဒေသကိုတော့ ပြန်သွားကြပါတယ်။
ပုလဲမြို့နယ်၊ ကျေးနင်းရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတခု ဒီမနက် ၈ နာရီ မိနစ် ၅၀ လောက်မှာ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာနဲ့ သရက်ကန်ရွာအကြား ရောက်ရှိနေတယ်လို့ WCA က ပြောပါတယ်။