မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ၊ ရေဘေးဒုက္ခသည်တွေအတွက် ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခုဖွင့်လှစ်ပေးထားပြီး ရေဘေးသင့်ပြည်သူက ၈၃၀၀ ကျော်လောက် ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ သာသနာ့ဗိမာန်တွေမှာ ပြောင်းရွှေ့ထားရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာ ခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှု၊ ပင်လယ်ရေ တက်တာမြန်တာကြောင့် သြဂုတ် ၈ ရက် ညနေအထိ ရေကြီးရေလျှံ ထပ်မံဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ ထပ်မံလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာလို့ ဘီးလင်းမြို့နယ်ရဲ့ အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်တွေ၊ ဘီးလင်းမြစ်ကမ်းနားရှိ ကျေးရွာတွေပါ ရေကြီးနစ်မြုပ်ဒဏ်ကို ခံစားနေရတာပါ။
ဘီးလင်းမြစ်ရေဟာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်မှာလည်း သြဂုတ် ၈ ရက် ညနေဘက်မှာ ခရီးသည်တွေ ကားလမ်း ရေကျော်တာနဲ့ ကြုံတွေ့နေရပါတယ်။
အခုချိန်အထိ လူသေပျောက်မရှိသေးပေမဲ့ ရန်ကုန်၊ မော်လမြိုင်ကားလမ်းရေကျော်မှုမှာ ကား ၃ စီး လမ်းဘေးချော် တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးသမားက ပြောပါတယ်။
ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် နှစ်ပေလောက် မြင့်တက်နေပြီး လာမယ့် ဩဂုတ် ၁၀ ရက်နေ့အထိ အဆိုပါရေအမှတ်တွင် ဆက်လက်တည်ရှိနေနိုင်တယ်လို့ မိုးဇလဌာနက အသိပေးထားပါတယ်။