Home
မြန်မာသတင်း
ရေဘေးသင့် မြိုတိုင်းရင်းသား ကျေးရွာများတွင် အမိုးအကာအရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
August 9, 2023
Water Float Myoo victims 09082023 3
Water Float Myoo victims 09082023 1
Water Float Myoo victims 09082023 2

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေဘေးသင့် မြိုတိုင်းရင်းသားကျေးရွာတွေမှာ ဒေသခံ ရွာသားတွေဟာ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြရပြီး အမိုးအကာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ် ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်က လက်ရှိရေနစ်မြုပ်နေတဲ့ မြိုတိုင်းရင်းသားကျေးရွာတွကတော့ လမုလက်နက်၊ ကန်တူးဆင်း၊ နီချေ၊ ကန်ချေပြင် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာလောက် ရှိပါတယ်။

လက်ရှိ အဆိုပါကျေးရွာတွေမှာ ရေအမြင့်ဟာ ၉ ပေလောက်ရှိနေဆဲဖြစ်ပြီး ကျေးရွာသားတွေအနေနဲ့ ရေဘေးလွတ်ရာ တောင်ခြေရင်းတွေမှာ ဖြစ်သလိုနေထိုင်နေကြရတယ်လို့ လမုလက်နက်ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး  ဦးကိုကိုနိုင်က ပြောပါတယ်။

"အခုက တောင်ခြေရင်းတွေမှာ ဖြစ်သလို နေကြတယ်။ ရိက္ခာကတော့ ရှိတာလေးတွေစုပြီး စားကြတယ်။ ကျနော်တို့ လိုအပ်တာ အမိုးလေးပါ။ မြို့နယ်ထွေအုပ်ကို မနေ့ကကျနော် အကူညီလှမ်းတောင်းတာရှိတယ်။ ဘာအကြောင်းမှ မပြန်ပါဘူး။ အမိုးလေးတခုရရင် တောင်က ဝါးတွေနဲ့  ဖြစ်သလိုလေး လုပ်ပြီးနေရင်တော့ အဆင်ပြေနိုင်တယ်။”

ရေအမြင့်ဟာ မနေ့ကထက် ၃ ပေလောက် လျော့ကျသွားပေမဲ့ ကုလားတန်မြစ် လက်တက်တစ်ခုဖြစ်တဲ့ ယိုးချောင်းမြစ်ရေမလျော့သေးတဲ့အတွက် ရေအကျသိပ်မြန်မှာ မဟုတ်ဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၁ ရက်ကစလို့ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ကုလားတန်မြစ်နဲ့ လေးမြို့မြစ်ရေဟာ စိုးရိမ်ရေမှတ်နားထိရောက်ရှိခဲ့ပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ မောင်တောမြို့နယ်တွေမှာလည်း ရေကြီးရေလျှံနေပါတယ်။

ရခိုင်ပြည်နယ်မှာ မိုးဆက်လက်ရွာနိုင်ပြီး  ကုလားတန်မြစ်ရေ အနည်းငယ် လျှော့သွားပေမဲ့ လေးမြို့မြစ်ရေကတော့ ဆက်လက်တိုးနိုင်တယ်လို့  မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024