ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်တွေကို လိုက်နာဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ဆီးရီးယားနိုင်ငံကို သြဂုတ် ၈ ရက်မှာ ဆော်ဩလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကွာဟနေတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက လုံခြုံရေးကောင်စီကို ပြောခဲ့ပြီးတဲ့နောက် ခုလို တောင်းဆိုခဲ့တာပါ။
ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်တဲ့ ဆီးရီးယားရဲ့ ကြေညာချက်ကို တိကျပြည့်စုံတယ်လို့ မယူဆနိုင်ဘူးလို့ ကုလလက်နက်ဖြုတ်သိမ်းရေးရုံး အဆင့်မြင့် ကိုယ်စားလှယ်ရဲ့ လက်ထောက် အဒက်ဒီဂျီ အီးဘိုက လုံခြုံရေးကောင်စီကို ပြောပါတယ်။
ဆီးရီးယားအစိုးရဟာ ၂၀၁၇ ဧပြီ ၄ ရက်က တိုက်ခိုက်မှုမှာ ဆာရင်း အာရုံကြောအဆိပ်ကို သုံးခဲ့ပြီး ကလိုရင်းဓာတ်ငွေ့ကို လက်နက်အဖြစ် အကြိမ်ရေ အတော်များများ သုံးခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ ဓာတုလက်နက် ပိတ်ပင်တားမြစ်ရေးအဖွဲ့ (OPCW) တို့ရဲ့ ပူးတွဲ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
ဆီးရီးယားက သိုမှီးထားတဲ့ ဓာတုလက်နက်တွေကို ဖျက်ဆီးဖို့ အနောက်နိုင်ငံတွေက ဆီးရီးယားအစိုးရကို ဆော်ဩခဲ့ပါတယ်။
ဆီးရီးယားသမ္မတ အာဆတ်ရဲ့ တပ်တွေကို စစ်ဘက်ရေးရာ ထောက်ပံ့နေတဲ့ နီးကပ်တဲ့ မဟာမိတ် ရုရှားတို့ကတော့ ဓာတုလက်နက်တွေ သုံးတယ်ဆိုတဲ့အချက်ကို ငြင်းပြီး သူပုန်တွေကို အပြစ်တင်ပါတယ်။
ဆီးရီးယားအစိုးရကတော့ အနောက်နိုင်ငံတွေဟာ ဆီးရီးယားကို ဝေဖန်ပြစ်တင်ဖို့ နည်းလမ်းတရပ်အနေနဲ့ ဓာတုလက်နက် အရေးကိစ္စကို အသုံးချတယ်လို့ စွပ်စွဲခဲ့ပါတယ်။
Source - Reuters