ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ “Continental Futsal Championship 2023” ဖူဆယ်ပြိုင်ပွဲမှာ သြဂုတ် ၈ ရက်နေ့အုပ်စုပွဲစဉ်မှာ မြန်မာအသင်းက ဆော်လမွန်ကျွန်းစုအသင်းကို ၆ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ကမ္ဘာအဆင့် ၈၃ ရှိတဲ့ မြန်မာအသင်းဟာ ကမ္ဘာ့အဆင့် ၅၃ ရှိတဲ့ ဆော်လမွန်အသင်းကို ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုး ဦးဆောင်ထားနိုင်သလို ပွဲအပြီးမှာလည်း ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
မြန်မာအသင်းအသင်းအတွက် ဂိုးတွေကို ထွဋ်ဝေထွန်းက ၂ ဂိုး၊ ငြိမ်းမင်းစိုးက ၂ ဂိုး၊ နိုင်လင်းထွန်းကျော်နဲ့ ရှိုင်းထက်အောင်တို့က ၁ ဂိုးစီ သွင်းယူခဲ့ပါတယ်။
ပွဲအပြီးမှာ မြန်မာအသင်းနည်းပြချုပ် ဘန်လက်ချာအိုရွန်က “ဒီနေ့ ကစားသမားတွေရဲ့ ခြေစွမ်းကို ကျေနပ်ပါတယ်။ ဒီပွဲမှာ ကစားသမားတွေက ယုံကြည်ချက်ရှိရှိနဲ့ ကစားနိုင်ခဲ့ကြသလို နည်းစနစ်အတိုင်းလည်း ကစားနိုင်ခဲ့ကြပါတယ်။ အခု ကျနော်တို့မှာ နားရက် ၂ ရက်ရရှိပြီး ဒီ ၂ ရက်မှာ ကျနော်တို့ ထိုင်းနဲ့ပွဲက အမှားတွေကို ပြင်ဆင်သွားပါမယ်။ ဒီပြိုင်ပွဲက ကစားသမားတွေအတွက် အာရှခြေစစ်ပွဲအတွက် အကောင်းဆုံး အတွေ့အကြုံ ရရှိမယ့် ပြိုင်ပွဲပါ” လို့ ပြောပါတယ်။
မြန်မာအသင်းနဲ့ ဆော်လမွန်ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို မြန်မာအသင်းမှ ငြိမ်းမင်းစိုးက ရရှိခဲ့ပါတယ်။
အုပ်စု (က) မှာ ထိုင်းအသင်းက ၁ ပွဲကစား ရမှတ် ၃မှတ်၊ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ၊ မြန်မာအသင်းက ၂ ပွဲကစား ရမှတ် ၃ မှတ်နဲ့ ဒုတိယ၊ ဆော်လမွန်ကျွန်းစုအသင်းက ရမှတ်မရှိနဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ အုပ်စုနောက်ဆုံးပွဲစဥ်ဖြစ်တဲ့ ဆော်လမွန်အသင်းနဲ့ ထိုင်းအသင်းတို့ ပွဲစဥ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တခြားအုပ်စုပွဲစဥ်ဖြစ်တဲ့ အုပ်စု (ခ) က မိုဇမ်ဘစ်အသင်းနဲ့ အာဖဂန်နစ္စတန်အသင်းတို့ပွဲစဥ်မှာ တဖက် ၂ ဂိုးစီ သရေကြခဲ့ပါတယ်။
“Continental Futsal Championship 2023” ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဥ်တွေကို သြဂုတ် ၁၁ ရက်နေ့ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။