အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်က ဘစ်ရှော့မြို့မှာ သြဂုတ် ၇ ရက်က လျှပ်စီးတွေလက်ပြီး အင်အားပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့လို့ သစ်ပင်တွေ ပြိုလဲကျခဲ့ပါတယ်။
သြဂုတ် ၈ ရက်မှာ လေဆင်နှာမောင်းတိုက်ခတ်တာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေကျတာတွေ ဖြစ်နိုင်တာကြောင့် အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။
မုန်တိုင်းကြောင့် ဝါရှင်တန် ရေဂင် အမျိုးသားလေဆိပ်က ခရီးစဉ် ၈၉ ခု အပါအဝင် အမေရိကန် လေကြောင်းခရီးစဉ်ပေါင်း ၂,၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး တခြား အမေရိကန်လေကြောင်းခရီးစဉ် ၅,၇၀၀ လည်း နှောင့်နှေးခဲ့ပါတယ်။
အလာဘားမားကနေ နယူးယောက်ပြည်နယ် အနောက်ပိုင်းအထိ မုန်တိုင်းဒဏ်ခံဒေသတွေမှာ နေထိုင်သူ လူဦးရေက ၂၉ သန်းခွဲကျော် ရှိတယ်လို့ အမျိုးသား မိုးလေဝသဌာန (NWS) က ပြောထားပါတယ်။
အကြီးမားဆုံး အန္တရာယ်ကတော့ အတ္တလန္တိတ် အလယ်ပိုင်းဒေသမှာဖြစ်ပြီး အဲဒီမှာ လေတိုက်နှုန်းဟာ ၁ နာရီကို ၇၅ မိုင်ကျော်ရှိပြီး ဂေါက်သီးဘောလုံးထက် အရွယ်အစား ပိုကြီးမားတဲ့ မိုးသီးတွေ ကျရောက်တာကို မြင်တွေ့နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနက ဆိုပါတယ်။
အတ္တလန္တိတ်အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ လျှပ်စစ်သုံးစွဲသူ ၈ သိန်းကျော်ဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ဆုံးရှုံးခဲ့ရကြောင်း ခြေရာခံဝက်ဘ်ဆိုက် PowerOutage.us အရ သိရပါတယ်။
Source - Reuters