ကင်ညာနိုင်ငံ ကာဂျီယာဒိုခရိုင် အိုလ်ဂီဂီရီ ကုန်းစောင်းဒေသမှာ ကျက်စားနေတဲ့ ဆင်အုပ် တိုက်ခိုက်မှုကြောင့် လမ်းလျှောက်တတ်စ ကလေးငယ်လေး သေဆုံးသွားခဲ့ရတဲ့သတင်း ပျံ့နှံ့သွားခဲ့ပြီးနောက် သြဂုတ် ၆ ရက်မှာ ဒေသခံ မစိုင်းမျိုးနွယ် ဌာနေရွာသားတွေဟာ ဆင်ကို ချောင်ပိတ်ဖမ်း တိုက်ခိုက်ခဲ့ပြီး လှံတွေနဲ့ အသေထိုးသတ်ခဲ့ကြပါတယ်။
အရင်နေ့က ကလေးမိခင်တဦးနဲ့ သူ့ရဲ့ ၃ နှစ်သားအရွယ် ကလေးတို့ ဆင်အုပ်ရဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ဆင်အုပ်ထဲက တကောင်ဟာ ကလေးငယ်ကို နင်းခြေပစ်ခဲ့လို့ သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအပြီးမှာ ကင်ညာ တောရိုင်းတိရစ္ဆာန် ဝန်ဆောင်မှုအဖွဲ့ (KWS) တာဝန်ရှိသူတွေဟာ ရွာသားတွေနဲ့ တိရစ္ဆာန်တွေအကြားမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းမှုအနေနဲ့ ရပ်ရွာအသိုင်းအဝိုင်းကို အစည်းအဝေး ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။
ဒါဟာ တိရစ္ဆာန်တွေရဲ့ လူသေအောင်တိုက်ခိုက်မှု ဒါမှမဟုတ် ဒေသတွင်းရှိ မစိုင်း အသိုင်းအဝိုင်းက လက်တုံ့ပြန်သတ်ဖြတ်မှုဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
လူနဲ့ တောရိုင်းတိရစ္ဆာန်တွေအကြား တင်းမာမှုတွေ တိုးလာရတာဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် တောရိုင်းတိရစ္ဆာန်တွေ ကျက်စားရာနေရာ လျော့နည်း ကျဉ်းမြောင်းလာပြီး လူတွေနေထိုင်ကြတဲ့ နေရာအထိ ပိုပြီး နီးနီးကပ်ကပ် ရောက်လာတာကလည်း တစိတ်တပိုင်းဖြစ်ကြောင်းကို အခုနောက်ဆုံးဖြစ်ရပ်က ပြသနေကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေး အကဲဖြတ်လေ့လာသူ မော်ဒီကိုက် အိုဒါဂါက ပြောပါတယ်။
Source - Reuters