ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက တာမခန်-ဆယ်ဇင်းလမ်းပေါ်က ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၇ ရက်နေ့ မနက်က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ သေဆုံးပြီး ပူးပေါင်းတပ်ဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“တိုက်ပွဲက မနက် ၈ နာရီကျော်ဝန်းကျင်လောက်ပြီးသွားတယ်။ အခုသိရသလောက်က စကစဘက်က ၂၀ သေတယ်၊ ၃ ဦးဖမ်းခံရတယ်၊ ၅ ယောက်တော့ လွတ်သွားတယ်ဆိုပြီး သိရတယ်၊ KPDF ထဲကတယောက်တော့ ကျသွားတယ်” လို့ နီးစပ်သူတဦးက ပြောပါတယ်။
ကချင်းလွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေက စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဖားကန့်မြို့ပတ်ဝန်းကျင် စစ်ကောင်စီတပ်စခန်းတွေကနေ ကသိုဏ်းတောင်ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ်ထဲ ဆယ်ဇင်းကျေးရွာပတ်ဝန်းကျင်မှာလည်း SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေက KIA တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သလို ဩဂုတ် ၇ ရက် ညနေ ၆ နာရီဝန်းကျင်မှာတော့ ဆယ်ဇင်းရွာကြိုးတံတားနားက SNA တပ်စခန်းကို KIA တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနက်တုန်းကတော့ ရှမ်းနီနဲ့စကစတွေ KIA ဂိတ်ရှိတဲ့ဘက်ကို သွားတိုက်တာကြားရတယ်၊ အသံတွေကော ကြားနေရတာ။ အခုညနေ ၆ နာရီလောက်မှာက KIA က ကြိုးတံတားနားမှာ ပြန်ပြီးလာတိုက်နေတယ်။ အခြေအနေတော့ ဘယ်လို့လဲ သေချာမသိသေးဘူး၊ ဖြစ်နေတုန်းပဲ။”
တိုက်ခိုက်ခံရတဲ့ ရှမ်းနီးတပ်စခန်းပတ်ဝန်းကျင်မှာ မနေ့ည ၈ နာရီခွဲလောက်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ထဲက လိုင်ဇာပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီနဲ့ KIA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာ ၁ လ ဝန်းကျင်ရှိလာပြီဖြစ်ပြီး ဒေသခံတွေလည်း တိမ်းရှောင်နေရပါတယ်။