မတ်တာကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ မာ့ခ် ဇူကာဘတ်နဲ့ သံလှောင်အိမ်တိုက်ပွဲကို X - အိတ်စ် ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ အီလွန်မတ်စ်ခ်က သြဂုတ် ၆ ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။
အရင်က တွစ်တာလို့ သိထားကြတဲ့ အီလွန်မတ်စ်ခ်ရဲ့ X လူမှုကွန်ရက်မှာ သူကိုယ်တိုင် အဆိုပြုထားတဲ့ သိုင်းပေါင်းစုံ ကိုယ်ခံပညာ တိုက်ခိုက်ရေးပွဲနဲ့ ပတ်သက်ပြီး အတည်ပြုခဲ့တာပါ။
ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ ဒီနှစ်ဦးရဲ့ အပြန်အလှန် စကားစစ်ထိုးမှုတွေက ပြီးခဲ့တဲ့ဇွန်လမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
လတ်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်သွားမယ့် ဒီတိုက်ခိုက်ရေးပွဲရဲ့ ရည်ရွယ်ချက်ကို မေးမြန်းရာမှာ မတ်စ်ခ်က “ဒါဟာ ယဉ်ကျေးတဲ့ တိုက်ပွဲပုံစံတခုပါ။ အမျိုးသားတွေဟာ စစ်ပွဲကို သဘောကျတယ်လေ” ဆိုပြီး ဖြေဆိုပါတယ်။
မတ်စ်ခ် တင်ထားတဲ့ ပို့စ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ မတ်တာဘက်က တုံ့ပြန်မှုမရှိဘူးလို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇွန် ၂၀ ရက်မှာ “လှောင်အိမ်တိုက်ပွဲတခုအတွက် အသင့်ရှိတယ်” ဆိုပြီး အသက် ၅၁ နှစ်အရွယ် မတ်စ်ခ်က ပို့စ်တင်ခဲ့တာပါ။ တရက်အကြာမှာပဲ အသက် ၃၉ နှစ်အရွယ် ဇူကာဘတ်က သူအနိုင်ရရှိထားတဲ့ သိုင်းပညာပြိုင်ပွဲတွေရဲ့ ဓာတ်ပုံမှတ်တမ်းကို သူ့ရဲ့ အင်စတာဂရမ် ပလက်ဖောင်းမှာ ပို့စ်တင်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ဇူကာဘတ်ဟာ ဘရာဇီးလ် ကိုယ်ခံပညာတခုဖြစ်တဲ့ ဂျူဂျစ်စုကို လေ့ကျင့်နေခဲ့တာ တနှစ်နီးပါး ရှိပြီဖြစ်ပါတယ်။
မတ်စ်ခ်ကတော့ ဒီတိုက်ခိုက်ရေးပွဲ ရုပ်လုံးပေါ်လာတဲ့အခါ စတင်လေ့ကျင့်သွားမယ်လို့ ပြောကြားထားပါတယ်။
ဒီလို ဘီလီယံနာ ၂ ဦးရဲ့ လုပ်ငန်းချင်း ပြိုင်ဆိုင်မှုကနေ တိုက်ခိုက်ရေးကွင်းအထိ ရောက်လာခဲ့တဲ့ ပွဲစဉ်အပေါ်မှာ စိတ်ဝင်စားမှု အများအပြား ရှိပါတယ်။ ဒါကြောင့် ဒီပွဲကနေ ရလာမယ့် အကျိုးအမြတ်အားလုံးကို စစ်ပြန်တွေအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ မတ်စ်ခ်က ရေးသားထားပါတယ်။
Source - Reuters