ဘိုင်ယန်မြူးနစ်အသင်းဟာ တောတင်ဟမ်ဟော့စပါးအသင်းက တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချဖို့ ပြင်ဆင်လာမလားဆိုပြီး စောင့်ဆိုင်းနေဆဲလို့ ဗြိတိန်မီဒီယာတွေ ဖော်ပြပါတယ်။
ဂျာမန်ကလပ် ချန်ပီယံအသင်းဟာ အသက် ၃၀ အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်သလို ကမ်းလှမ်းမှု တကြိမ်ပြုလုပ်ခဲ့ပြီးပြီလို့ မီဒီယာတွေကို ပြောကြားထားပါတယ်။
အင်္ဂလန် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ပေမဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တာပါ။
ကိန်းဟာ သူ့ရဲ့စာချုပ်သက်တမ်းကို တိုးဖို့ တောင်းဆိုထားတာမျိုး မရှိပေမဲ့ တော့တင်ဟမ်ဟော့စပါး ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းက အင်္ဂလန်တိုက်စစ်မှူးကို ဆက်ထိန်းထားမယ်ဆိုရင် ကြယ်ပွင့်ကစားသမားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရဖို့ ရှိနေတာပါ။
ဘိုင်ယန်အသင်းရဲ့ သောကြာနေ့ နောက်ဆုံးထားပြီး ကမ်းလှမ်းချက်ကိုလည်း စပါးအသင်းက ငြင်းဆိုထားပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဘရန့်ဖို့အသင်းနဲ့ ဩဂုတ် ၁၃ ရက်နေ့မှာ ကစားရမှာဖြစ်ပြီး ဘိုင်ယန်အသင်းကတော့ ဂျာမန်စူပါဖလားအတွက် လိုက်ဇစ်အသင်းနဲ့ ၁၂ ရက်နေ့မှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
အပြောင်းအရွှေ့ စျေးကွက်ကတော့ စက်တင်ဘာ ၁ ရက်နေ့ ပိတ်မှာဖြစ်ပေမဲ့ ရာသီမစခင်မှာပဲ ၂ သင်းစလုံးက ဆုံးဖြတ်ချက်တခု ချရတော့မှာ ဖြစ်ပါတယ်။