အမျိုးသမီး ဒါရိုက်တာ ဂရက်တာဂါဝင်က ရိုက်ကူးထားတဲ့ ဟောလီဝုဒ်ရုပ်ရှင် “Barbie” ဇာတ်ကားဟာ ရုံတင်ပြသပြီးနောက် သီတင်း ၃ ပတ်အတွင်း ကမ္ဘာတဝန်း လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိနေပြီဖြစ်ပါတယ်။
ဒါဟာ ဟောလိဝုဒ်သမိုင်းမှာ အမျိုးသမီးတဦးတည်း ဒါရိုက်တာလုပ်ရိုက်ပြီး ဒေါ်လာဘီလီယံချီဝင်ငွေရတဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တာကြောင့် ရုပ်ရှင်လုပ်ငန်းအတွက် သမိုင်းဝင် အချိန်တခု ဖြစ်ပါတယ်။
သူ့အရင်က အမျိုးသမီးဒါရိုက်တာ အနေနဲ့ Box Office မှာ စံချိန်တင်ထားသူကတော့ ဒါရိုက်တာ ပတ်တီဂျန်းကင်စ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ “Wonder Woman” ရုပ်ရှင်နဲ့ ဒေါ်လာသန်း ၈၂၁ ကျော် ရရှိခဲ့တာပါ။
“Barbie” ရုပ်ရှင်ဟာ ဩဂုတ် ၆ ရက်နေ့အထိ ကမ္ဘာတဝန်းမှာ ဒေါ်လာ ၁ ဒသမ ၀၃ ဘီလီယံခန့် ဝင်ငွေရှိကြောင်း Box Office Mojo က ဖော်ပြခဲ့ပြီး Fandango မန်နေဂျင်းအယ်ဒီတာ အဲရစ်ဒေးဗစ်ကတော့ ဒီရုပ်ရှင်ဟာ အမျိုးသမီးဒါရိုက်တာတဦးအတွက် အကြီးမားဆုံး အဖွင့်သီတင်းပတ် ဖြစ်တယ်လို့ ပြောပါတယ်။
“Barbie” ရုပ်ရှင်၊ အဏုမြူဗုံးတီထွင်တဲ့အကြောင်းရိုက်ကူးထားတဲ့ “Oppenheimer” ရုပ်ရှင်နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးရုပ်ရှင် “Sound of Freedom” တို့ဟာ မျှော်လင့်ထားတာထက်ပိုပြီး ရုံဝင်ငွေ သန်းပေါင်းများစွာရရှိတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။
Source - CBS