ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးဟာ ဩဂုတ် ၆ ရက်က နေရာအတိအကျ မထုတ်ဖော် မပြသတဲ့ လေယာဉ်ကွင်းဆီ ရောက်လာပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်နေတဲ့ လေယာဉ်မှူးနဲ့ အမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုရင်း Anglo-French Storm Shadow ဒုံးကျည်တွေ တင်လာတဲ့ ဆိုဗီယက်လုပ် လေယာဉ်တွေကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
ယူကရိန်းရဲ့ လက်နက်အတွက် ပုံစံထုတ် တန်ဆာဆင်ယင်ထားတဲ့ ဒိုင်းပုံစတစ်ကာ ချိတ်ထားတဲ့ ဒုံးကျည်တစင်းပေါ်မှာ ယူကရိန်းအတွက် ဂုဏ်သိက္ခာလို့ အဓိပ္ပာယ်ရတဲ့ ‘Glory to Ukraine’ ဆိုတဲ့ တံဆိပ်နဲ့ အီဖယ်မျှော်စင်ကို ရောယှက်ထားပြီး ကပ်ခဲ့ပါတယ်။
အီဖယ်မျှော်စင်ပုံပေါ်မှာတော့ Storm Shadow ဒုံးကျည်အတွက် ပြင်သစ်အမည် SCALP-EG လို့ ရေးထားပါတယ်။
နေရာမဖော်ပြတဲ့ လေယာဉ်ကွင်းတခုမှာ ပြသထားတဲ့ အနောက်တိုင်းက ထောက်ပံ့ပေးတဲ့ ပက်ထရီရော့နဲ့ အိုင်းရစ်စ် T-SLM လေကြောင်းရန်ကာကွယ်ရေး စနစ်နှစ်ခုကိုလည်း ဇလန်းစကီးက စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
ဩဂုတ် ၆ ရက်က ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ယူကရိန်း ကုန်းမကြီးကို ဆက်သွယ်ထားတဲ့ ချုံဟာလမ်းတံတားကို ယူကရိန်းက ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ရုရှားအစိုးရက ခန့်အပ်ထားတဲ့ ခရိုင်းမီးယားခေါင်းဆောင် ဆာဂေးလ် အက်ခ်စ်ရှိုနော့ဗ်ကို ကိုးကားပြီး ရုရှားရဲ့ RIA သတင်းဌာနက ပြောပါတယ်။
ဒီတံတားဟာ ခရိုင်းမီးယားနဲ့ ယူကရိန်းပြည်မကြီးကြား လမ်းဖောက်လုပ်ထားတဲ့ လမ်းသုံးစင်းထဲက တခုဖြစ်ပါတယ်။
ဒီတံတားကို ပစ်ခတ်တဲ့အထဲမှာ Anglo-French Storm Shadow ဒုံးကျည်တစင်း ပါတယ်လို့ ရုရှားအစိုးရ ခန့်အပ်ထားတဲ့ ခါဆွန်မြို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဗလာဒီမာ ဆယ်လ်ဒိုကို ကိုးကားပြီး RIA သတင်းဌာနက အထောက်အထား တစုံတရာ မပြဘဲ ပြောခဲ့ပါတယ်။
Source - Reuters