ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၅၅ ရပ်ကွက်ရှိ ဝနဝါသီတောရ ကျောင်းတိုက်ဆရာတော် ဦးသုမနကို သြဂုတ် ၅ ရက် မနက်က စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သြဂုတ် ၅ ရက်နေ့ မနက် ကိုးနာရီကျော်က ဝနဝါသီ တောရကျောင်းတိုက်ကို စစ်ကောင်စီတပ်၊ ရဲနဲ့ရပ်ကွက်အုပ်ချုပ်ရေးတို့ရောက်လာပြီး ဆရာတော်ဦးသုမနကို ဖမ်းဆီးခဲ့တာလို့ ဒကာတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဟန်ငြိမ်းဦး အကောင့်မှာတင်ထားလို့ သတိပေးသေးတယ်၊ မကြာဘူး အဖမ်းခံရတာ။ ဆရာတော်တင်တဲ့ post တွေကြောင့် အဖမ်းခံရတာ၊ ဖုန်းရောသိမ်းသွားတယ်"လို့ ပြောပါတယ်။
လူမှုကွန်ရက်စာမျက်ပေါ်တွင် ဆရာတော်ဦးသုမနရေးသားချက်တွေဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး စစ်တပ်လော်ဘီဟန်ငြိမ်းဦးအပါအဝင် ချယ်နယ််တွေက ဖမ်းဆီးခိုင်းတာဖြစ်ပါတယ်။
လက်တလောမှာ ဆရာတော်ဦးသုမနကို စစ်ကောင်စီက ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို မသိရဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်မှာ သြဂုတ် ၅ ရက်က ဆရာတော်ဦးသုမနနဲ့အတူ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆)ရပ်ကွက်နေ စိုးမိုးပိုင်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၄) ရပ်ကွက်နေ ချမ်းငြိမ်းဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။