Home
မေးမြန်းခန်း
ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်အမှတ်တရ ခရစ္စတိုဖာဂန်းနက်စ်နှင့် DVB မေးမြန်းချက်
DVB
·
August 7, 2023
CHRIS_7082023

လာမယ့် ဩဂုတ်လ ၈ ရက်နေ့ဆိုရင် မြန်မာနိုင်ငံမှာ မဆလ တစ်ပါတီအာဏာရှင်ကို နိုင်ငံတဝန်း ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူတွေ အုံကြွဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံး လူထုလုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့တဲ့ ၃၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါ်ခဲ့ပြီး နောင်နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့ကာလတစ်ခုမှာပဲ မြန်မာနိုင်ငံဟာ နောက်ထပ် အရေးတော်ပုံတစ်ခုဖြစ်တဲ့ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးကို ဖြတ်သန်းနေရချိန်ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အခင်းအကျင်းတွေကို ၁၉၈၈ အရေးတော်ပုံကာလမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဘီဘီစီ နိုင်ငံတကာသတင်းဌာနရဲ့ သတင်းထောက်ဟောင်း ခရစ္စတိုဖာဂန်းနက်စ်ကို ဒီဗွီဘီမှ မယမင်းမြတ်အေးက ဆက်သွယ်မေးမြန်းထားပါတယ်။

ခရစ္စတိုဖာဂန်းနက်စ်ဟာ လက်ရှိမှာ  Myanmar Accountability Project (MAP) ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။ 

မေး။ ။ မင်္ဂလာပါ ခရစ်ရေ။ တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးပါ။ ရှစ်လေးလုံးအရေးတော်ပုံကာလက အခြေအနေတွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက်မေးချင်ပါတယ်။ မကြာခင်မှာပဲ  ၃၅ နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်ကာလကို ရောက်ရှိတော့မှာပါ။ ခရစ်အနေနဲ့ ဒီဖြတ်သန်းမှုထဲမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဆိုတော့  အခုအချိန်မှာ ဘယ်လိုများ ခံစားရပါသလဲ ပြောပြပါဦး။

ဖြေ။ “ပြောရရင်တော့ဝမ်းနည်းစရာကောင်းတဲ့ ကာလတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အခု မြန်မာနိုင်ငံရဲ့ အနေအထားက ကုန်လွန်ပြီးတဲ့ အတိတ်ကို ပြန်သွားနေတဲ့ အနေအထားကြောင့်ပါ။ စစ်တပ်က အာဏာသိမ်းတယ်၊ မအောင်မြင်တဲ့အာဏာသိမ်းမှုနဲ့ ဆက်ထိန်းချုပ်ထားတဲ့ အခါမှာ ပြည်သူတွေ အတော်ဒုက္ခ ရောက်နေကြတာ မြင်ရပါတယ်။ အခုဆိုရင် လူ ၃၀၀၀ ကျော် ၄၀၀၀ လောက်အသတ်ခံထားရတယ်။ ဒါက အတည်ပြုလို့ ရတဲ့ ကိန်းဂဏန်းတွေပါ။ ဒါထက်လည်းပိုနိုင်ပါသေးတယ်။ လူပေါင်း ၂၄၀၀၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ မအောင်မြင်တဲ့အာဏာသိမ်းမှု အောက်မှာ လူတွေအားလုံးဆင်းရဲမွဲတွေမှုတွေနဲ့ နပန်းလုံးနေရတယ်။  နိုင်ငံတကာစင်မြင့်ထက်မှာ အထီးကျန်နေတဲ့ စစ်အာဏာရှင်တွေဟာ တဖက်မှာ ရုရှားနဲ့ တရုတ်ကို ကျားကန်ထားပါတယ်။  ဒီအနေအထေားကြောင့် တကယ်လို့ စစ်အာဏာရှင်တွေသာ တော်တော်နဲ့  ပြုတ်မကျနိုင်ဘူးဆိုရင် ဒီတိုင်းပြည် တိုးတက်ကောင်းမွန်လာဖို့ဆိုတာ မျှော်လင့်ဖို့ တော်တော် ခက်ပါတယ်။”

“လတ်တလော ထောက်ပြချင်တဲ့အချက်ကတော့  ဒီနေ့အခြေအနေဟာ ၁၉၈၈ နဲ့ မတူတော့ပါဘူး။  ဒီနေ့ ခေတ်မှာ  Generation Z လို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့က သူတို့ရဲ့ဘဝတွေ၊ အသက်တွေ ကိုရင်းနှီးပြီး  စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်နေကြတယ်။ သူတို့ဟာစစ်တပ်ကိုရူးနေအောင်လုပ်ထားနိုင်တယ်။ ဆက်ပြီးထိန်းချုပ်လို့ မရနိုင်အောင်  လုပ်ထားနိုင်တယ်။  ဒါကြောင့်လည်း စစ်တပ်ဟာ အခုအချိန်မှာ တိုင်းပြည်ရဲ့ ထက်ဝက်ကိုတောင် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမရှိပါဘူး။ ဒါက ၁၉၈၈ ခုနှစ်တုန်းကနဲ့ လုံး၀ မတူတော့တဲ့ အနေ အထားပါ။  အခုဆိုရင် တော်လှန်ရေးအင်အားစုတွေဟာ  ပိုပြီး အင်အားကောင်းလာတယ်၊ ပိုပြီးစုစည်းလာကြပါတယ်။ ဒီအချက်တွေကို အခြေခံပြီး သူတို့ဟာ အာဏာရှင်တွေကို ဖြုတ်ချဖို့ ပိုပြီးလုပ်လာနိုင်တာမျိုးတွေ့ရပါတယ်။”

မေး။ ။ ဆိုတော့ အဲဒီတုန်းက အကြောင်းလေး နည်းနည်းပြန်ပြောပါဦး။ ဘာကြောင့် မြန်မာနိုင်ငံကို လာဖြစ်သွားတာလဲ။ ဒီတုန်းက နိုင်ငံခြားသားတစ်ယောက် မြန်မာပြည်ရောက်လာဖို့ဆိုတဲ့ ကိစ္စက အလွယ်ချည်းတော့ မဟုတ်ဘူး။ တိုင်းပြည်က တစ်ပါတီအာဏာရှင် စနစ်အောက်မှာ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ခံထားတဲ့ အနေအထား ဆိုတော့လေ။

ဖြေ။ “အဲဒီတုန်းက ကျနော်က ဘီဘီစီမှာ တော်တော်လေး ငယ်သေးတဲ့ သတင်းထောက်တစ်ယောက်ပေါ့။ ဖြစ်ချင်တော့  မြန်မာပြည်အကြောင်းကို တာဝန်ယူထားတဲ့ ဝါရင့်သတင်းထောက် တစ်ယောက်က နွေရာသီဆိုတော့ မိသားစုနဲ့ အားလပ်ရက် ခရီးသွားတယ်။ အဲဒီအချိန် သတင်းခန်းထဲမှာ မြန်မာပြည်အကြောင်းသတင်းတွေ ဝင်လာရင် ကျနော်က တာဝန်ယူဆောင်ရွက်ရတယ်။ ရှစ်လေးလုံးအရေးအခင်းမပေါ်ခင် ၁၉၈၇ ခုနှစ်လောက်မှာ ငွေစက္ကူ ပြဿနာဖြစ်ခဲ့တယ်။ အဲဒီတုန်းက စက်တင်ဘာလလောက်မှာ ငွေစက္ကူတွေ ( ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်)ကို တရားမဝင်ကြောင်း ဦးနေဝင်းအစိုးရက ကြေညာခဲ့တယ်။ ဒီနေ့ အချိန်ကာလနဲ့ နည်းနည်းတော့ တူတယ်၊ ဘဏ်စနစ်ကလည်း ယိုယွင်းပျက်စီးနေတဲ့အချိန် ၊လူတွေကလည်း သူတို့ လက်ထဲမှာ စုဆောင်းထားတဲ့ငွေတွေ တန်ဖိုးမရှိတော့ဘူးဆိုတဲ့ အခါမှာ အတော်ဒုက္ခ ရောက်ကြတယ်။ အဲဒီတုန်းက ပြည်မြို့မှာဆန္ဒပြခဲ့ကြ သေးတယ်။ အဲဒီနောက်ပိုင်း ၁၉၈၈ နှစ်ဆန်းပိုင်းမှာ  ကျောင်းသားဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာတယ်။ အဲဒါကို လုံထိန်းတွေက အကြမ်းဖက်နှိမ်နင်းခဲ့တာတွေကြောင့်  မြန်မာနိုင်ငံရဲ့ အခြေအနေက တစ်ခုခုဖြစ်လာတော့မလားဆိုတာကို ကျနော်တို့ သတိထား စောင့်ကြည့်နေခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာပဲ ဗိုလ်ချုပ်နေဝင်းက ပါတီအရေးပေါ်ညီလာခံခေါ်ယူပြီး မိန့်ခွန်းပြောခဲ့တယ်။ ကျနော်  မြန်မာပြည်သွားဖို့ ဆုံးဖြတ်ပြီး လန်ဒန်မြို့က မြန်မာသံရုံးမှာ ဗီဇာလျှောက်လိုက်တယ်။ သာမန်ခရီးသွားတစ်ယောက်အနေနဲ့လျှောက်လိုက်ရတာပါ။ ရန်ကုန်ရောက်တော့ ကျနော်က စထရင်းဟိုတယ်မှာတည်းတယ်။ အဲဒီခေတ်တုန်းကတော့ အထင်ကရဟိုတယ်တစ်ခုပါ။ ပြောရရင် ပါတီအရေးပေါ်ညီလာခံမှာ ဦးနေဝင်းက  သူအနားယူတော့မယ်ဆိုပြီးပြောတဲ့အချိန်ပေါ့။ အဲဒီအချိန် တဘက်မှာ လူထုလှုပ်ရှားမှုတွေက စနေပြီ။ အဲဒီလိုနဲ့ ကျနော်မြန်မာပြည်ထဲကို လျှို့ဝှက် ရောက်လာခဲ့တယ်လို့ ပြောရမှာပေါ့။”  

မေး။ အဲဒီလို နိုင်ငံရေးအတော်လေးမတည်ငြိမ်တဲ့ ကာလတစ်ခုမှာ ဂျာနယ်လစ်တစ်ယောက် အနေနဲ့ ဘယ်လို  စွန့်စားလုပ်ကိုင်ခဲ့ရသလဲ။

ဖြေ။ “၁၉၈၈ ရဲ့ အနေအထားတုန်းက လုပ်ခဲ့ရတာကတော့ သာမန်မဟုတ်တဲ့ အနေအထားတစ်ခုလို့ပြောရမှာပါ။ ကျနော် ရန်ကုန်ရောက်ပြီး ၂၄ နာရီအတွင်းလို့ပြောရမယ်၊  ကျနော် အပြင်သွားပြီး ဟိုတယ်ထဲကို ပြန်ရောက်လာတဲ့ အချိန်မှာပဲ ကျနော်ခေါင်းအုံးအောက်မှာ စာတစ်စောင်တွေ့တယ်။ အဲဒီစာက ကျနော်ကို ဆက်သွယ်လာတဲ့ ကျောင်းသားတွေဆီက၊ သူတို့အပေါ်မှာ နားလည်မှုရှိတဲ့ ဟိုတယ်ဝန်ထမ်းတစ်ယောက်ရဲ့ အကူအညီနဲ့ ကျနော်ဆီကို ရောက်အောင်ပို့ပေးထားတဲ့စာပေါ့။  စာထဲမှာ သူတို့ဟာ ကျောင်းသားတွေ ဖြစ်တယ်။ ကျနော်နဲ့ စကားပြောချင်တယ်ဆိုပြီးရေးထားတယ်။ သူတို့နဲ့ ကျနော်နဲ့ ဆူးလေဘုရားအနီးမှာဆုံကြတယ်။ သူတို့ ပထမကားတစ်စီးနဲ့ ကျနော့်ကိုခေါ်သွားတယ်။ နောက်ကားပြန်ချိန်းတယ်။ ပြီးတော့ ကျနော့်ကို  မှောင်နေတဲ့ မြေအောက်ခန်းတစ်ခု ထဲကိုခေါ်သွားတယ်။ အဲဒီမှာ သူတို့ ကျနော်နဲ့ အင်တာဗျူးလုပ်ကြတယ်။ တိုင်းပြည်မှာ လက်ရှိဖြစ်နေတဲ့ အနေအထားတွေကို သူတို့ ကျနော့်ကို သူတို့ ရှင်းပြတယ်။”  

“နောက်ထပ် ကျနော် တွေ့ခွင့်ရခဲ့တဲ့ သူကတော့ ဦးနေမင်းဆိုတဲ့ သူပါ။ အသက် ၄၂ နှစ် အရွယ်ရှိတဲ့ ရှေ့နေတစ်ယောက်ပါ။ ဦးနေမင်းက ကျနော့်ကို စစ်တပ်အရာရှိဟောင်းတချို့နဲ့ တွေ့ခွင့်ပေးတယ်။ သူတို့က  မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ၊ တရားဥပဒေပျက်သုဉ်းလာနေတဲ့ အနေအထားနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းတွေ၊ တိုင်းရင်းသားပြည်နယ်တွေမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအကြောင်း ပြောပြတယ်။ ပြီးတော့ ဦးနေမင်းက ကျနော့်ကို အငြိမ်းစား ဘဏ်အရာရှိ တစ်ယောက်နဲ့လည်းတွေ့ပေးတယ်။ စစ်တပ်အရာရှိ ဟောင်း တစ်ယောက်ကဆိုရင် အဲဒီတုန်းဖြစ်နေတဲ့ အနေအထားတွေအတွက် စစ်တပ်ထဲမှာကို စိတ်မချမ်းသာဖြစ်နေရတဲ့ သူတွေရှိတဲ့ အကြောင်းပြောပြတယ်။ ဒီတုန်းက ဘယ်လို ဖြစ်လဲဆိုတော့ BBC သတင်းထောက်တစ်ယောက် ရန်ကုန်ရောက်နေတယ်ဆိုတဲ့သတင်းကို တစတစ လူတွေ သိသွားပြီး ကျနော့်ကို သူတို့က ဆက်သွယ်ပြီး ပြောပြကြတယ်။ တစ်ရက်တစ်ရက်ကို ကျနော်  အကြိမ်နှစ်ဆယ်လောက် ဘီဘီစီကိုသတင်းပို့နေရတယ်။ ကျောင်းသားတွေ အပါအဝင်၊ ဒီမိုကရေစီအရေးတော်ပုံကာလ  လျို့ဝှက်လှုပ်ရှားသူတချို့နဲ့ပါ အင်တာဗျူးတွေလုပ်ဖြစ်တယ်။ ဒါပေမဲ့ ကျနော် ရန်ကုန်မှာ တစ်ပတ်လောက်ပဲ နေခဲ့ရတယ်။”

“တစ်ပတ်ကြာတော့ ဗီဇာ သက်တမ်းပြည့်ပြီဆိုတော့ ကျနော်ပြန်ရတော့မယ်။  ဒါပေမဲ့ လန်ဒန်ပြန်တာ မဟုတ်ဘူး။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ဒါကာမြို့ကိုထွက်သွားခဲ့တယ်။ အဲဒီမှာ ကျနော် သတင်းအလုပ်တွေဆက်လုပ်တယ်။ ကျနော်ကို ဘာသာပြန်ပေးမယ့် လူတစ်ယောက်လည်း ကျနော်ရသွားတယ်။ သူက ရခိုင်လူမျိုုး ဆရာဝန်တစ်ဦးပါ။  ဘာကြောင့်လဲဆိုတော့ ကျနော်က မြန်မာစကားမပြောတတ်ဘူးလေ။ ဦးနေမင်းက ကျနော့်ကို  ဆက်သွယ်လာပြီး သူရတဲ့သတင်းတွေပေးပို့တယ်။ ကျနော်လည်း ရသမျှ သတင်းတွေ ဘီဘီစီကို ပို့ဖြစ်တယ်။ ဘာကြောင့် ကျနော်ဒါတွေကိုပြောနေရတာလဲဆိုတော့ အဲဒီတုန်းက ဒီနေ့ခေတ်လို Twitter  တို့ Facebook တို့ဆိုတာလည်းရှိတာမဟုတ်ဘူး။ အခုခေတ်မှာ ဒီလို ပလက်ဖောင်းတွေ ရှိတော့ တစ်ခုခုဆိုရင် တစ်နိုင်ငံလုံးသိသွားတယ်။ အဲဒီခေတ်တုန်းကတော့ အင်တာနက်ဆိုတာလည်း မရှိဘူး။ ဆိုတော့ ကျနော်ပို့တဲ့ သတင်းတွေကို ဘီဘီစီက လွှင့်ပေးတယ်။ အဲဒီကနေ  ရှစ်လေးလုံးနေ့မှာ တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ ဖြစ်တော့မယ်ဆိုတာ လူတွေ သိကုန်တယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ လူဦးရေ ၄၄ သန်းရှိတယ်လို့ ကျနော် သိထားတယ်။ သူတို့က  နေ့စဉ် မနက်ပိုင်းနဲ့ ညနေပိုင်းတွေဆိုရင် ရေဒီယိုလေးတွေ ဖွင့်ပြီးနားထောင်ကြတယ်။  ဒါတွေ ကြောင့်လည်း  စစ်တပ်က ကျနော့်ကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။”

“တကယ်တော့ ဒါတွေက ကျနော့်တစ်ယောက်ကြောင့်ဖြစ်လာတာမဟုတ်ဘူး။ မြန်မာပြည်သူတွေကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့ သတင်းပေးခဲ့ကြလို့ပါ။ ဒီလိုနဲ့ပဲ တစ်နိုင်ငံလုံးက လူတွေက သတင်းကို သိရှိခွင့်ရသွားတယ်ဆိုပါတော့ ။ သတင်းရဲ့ စွမ်းအားဆိုတာက အရမ်းကြီးပါတယ်။ သတင်းအမှောင်ချထားခဲ့ ခေတ်ကြီးထဲမှာ အချိန်အကြာကြီး နေလာခဲ့ရတဲ့မြန်မာပြည်သူတွေကြားထဲမှာ ဒီလို အရေးတော်ပုံကြီးတစ်ရပ်ပေါ်ပေါက်လာဖို့ သတင်းတွေကပဲ တွန်းအားနဲ့ အရွေ့ကိုဖြစ်စေခဲ့တာပါ။ ပြောရရင် စက်တင်ဘာလ ရောက်တော့ သူတို့အာဏာသိမ်းတယ်၊။ လူတွေကိုပစ်သတ်တယ်။ ကိန်းဂဏန်းအရဘယ်လောက်ဘယ်မျှ ဆိုတာပြောဖို့ခက်ပေမဲ့ အများအပြားသေကုန်တာတော့ အမှန်ပါပဲ။ အဲဒီနောက်ပိုင်းဟာ တိုင်းပြည်ဟာ အာဏာရှင်တွေ အောက်မှာပဲ ဆက်ပြီး လည်ပတ်ခဲ့ရတယ်လို့ပြောရမှာပေါ့။ နောက် နှစ် ၂၀ ကျော်ကြာတော့ ဦးသိန်းစိန်အစိုးရတက်လာတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲ ရှိတယ်ဆိုပေမဲ့ အန်အယ်လ်ဒီက သပိတ်မှောက်ထားခဲ့သေးတယ်။ ၂၀၁၂ ကျမှ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဝင်လာခဲ့တယ်။ ၂၀၁၅ မှာတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုပြီး ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ပြောရရင် ၁၉၈၈ နောက်ပိုင်းကနေ ၂၀၁၂ လောက်အထိဟာ တိုင်းပြည်က ယခင်အနေအထား အောက်မှာပဲ လည်ပတ်ခဲ့ရတာ၊ အနာဂတ်အတွက် မသေချာ၊ ဘာမှန်းမသိတဲ့အနေအထားမျိုးနဲ့ပဲ ရှေ့ဆက်ခဲ့ရတယ်လို့ပြောရမှာပါ။

မေး။ သိရသလောက်ဆိုရင် အဲဒီတုန်းက ဒါကာမှာ ခရစ်ကို ကူညီခဲ့တဲ့ သူရဲ့ အမည်က ဒေါက်တာ စံသာဖြူလို့ သိထားတယ်။

ဖြေ။ “ဟုတ်ပါတယ်။  သူက ကင်ဆာရောဂါနဲ့ ဆုံးသွားပါပြီ။ ကျနော် သုံးလ လောက်နေခဲ့တယ်။ ဦးနေမင်းနဲ့ ကျနော်နဲ့ကြားအဆင်အသွယ် အမြဲတမ်းရှိတယ်။ ကျနော်ပြောချင်တာက သတင်း အချက်အလက်တွေက လူတွေကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့ တွန်းအားပေးတယ်။  လူတွေက ဘာဖြစ်မယ်ဆိုတာသိခွင့်ရတယ်။ ဒါတွေက ဒီကနေ့နဲ့ ကွဲပြားခြားနားတဲ့အချက်တွေပါ။ ဒီနေ့ခေတ်မှာ အစုလိုက် အပြုံလိုက်သတ်နေတာတွေ ကို Live လွှင့်ပြီး တင်မလား။ တင်လို့ရတယ်။ ပြန်ချုပ်ရရင် ဒီနေ့ခေတ်  တော်လှန်ရေးမှာ ပိုပြီး စုဖွဲ့ဆောင်ရွက်နိုင်လာကြတယ်။ ၁၉၈၈ ကာလမှာ လူတွေဟာ အပြင်လောကနဲ့ ထိတွေ့မှု သိပ်မရှိဘူး။  ဒီနေ့ အချိန်ကတော့ ကျနော်ဆီတောင် တစ်နေ့ တစ်နေ့ အီးမေးလ်တွေ အများကြီး၊ Message တွေ အများကြီးဝင်နေတာပါပဲ။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အနေအထားက တော်တော်ဆိုးတယ်ဆိုပေမဲ့ ၁၉၈၈ တုန်းကနဲ့ နှိုင်းယှဉ်ကြည့်ရင် အကောင်းဘက်က မျှော်လင့်လို့ရတာတွေလည်း ရှိနေပါသေးတယ်။”

မေး။ ခရစ်လုပ်နေတဲ့ MAP project အကြောင်းနည်းနည်းပြောကြရအောင်၊ ဘယ်တုန်းက စပြီးလုပ်ဖြစ်တာလဲ၊ ဘာကြောင့် လုပ်ရတာပါလဲ။  

ဖြေ။ “Myanmar Accountability Project စဖြစ်သွားတာကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖို့ ကြိုးစားခဲ့တာကြောင့် ပေါ်ပေါက်လာခဲ့တယ်လို့ပြောရမှာပေါ့။ စစ်တပ်ကနေပြီး အန်အယ်လ်ဒီဟာ မဲခိုးပါတယ်၊ မဲလိမ်ပါတယ်၊ ဒါကိုလက်မခံနိုင်ပါဘူးလို့ ပြောကတည်းက ဆိုးဝါးတဲ့ အနေအထားတစ်ခု ဖြစ်လာတော့မလားဆိုတာ မျိုးတွေးလာခဲ့တယ်။ နောက်တော့ လူထုရွေးချယ်တင်မြောက်ထားတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို ဖမ်းဆီးတာတွေ လုပ်လာတဲ့အခါမှာတော့ ကျနော်တို့ဆုံးဖြတ်ချက်ချလိုက်တယ်။  အဲဒီအချိန်မှာ စဉ်းစားကြတာက မြန်မာပြည်အတွက် ဘာလုပ်မလဲဆိုတဲ့အပိုင်းပေါ့။ ဒီအချိန်မှာ ဖွံ့ဖြိုးတိုးတက်ဆိုတဲ့ကိစ္စ ကိုလုပ်မလား၊ လူသားချင်းစာနာထောက်ထားမှု ကိစ္စကို လုပ်မလား၊ ဒါမှမဟုတ် တရားမျှတမှု ဖော်ဆောင်ရေးဆိုတဲ့အလုပ်ကို လုပ်မလားဆိုတောကိုတွေးပြီး၊ နောက်ဆုံး ရာဇဝတ်မှု ကျူးလွန်သူတွေအတွက် ဒီအလုပ်ကို လုပ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ရွေးချယ်ခဲ့တာပါ။ တရားမျှတမှုဆိုတာ ပြစ်မှုကျူးလွန်တဲ့သူတွေ ပြန်ပြီးတာဝန်ယူရမယ့် အနေအထားကို ဖော်ဆောင်နိုင်ဖို့ပါ။”

“အဲဒီအချိန်မှာ ကျနော်လန်ဒန်မှာ ရှေ့နေတွေနဲ့ တိုင်ပင်ပါတယ်။ ကျနော်အခုအချိန်မှာ ဘာလုပ်သင့်သလဲဆိုတာမျိုးပေါ့။ နိုင်ငံတကာတရားစီရင်ပိုင်ခွင့် ( Universal Jurisdiction) ဆိုတာ တကယ်တော့ နိုင်ငံတကာတရားဥပဒေ ( Universal Law) ဆိုတဲ့ အယူအဆပါပဲ။  ရာဇဝတ်မှု တစ်ခုကို ကျူးလွန်တယ်ဆိုရင် ဘယ်နေရာမှာပဲ ကျူးလွန်ပါစေ၊ ဘယ်သူပဲ ကျူးလွန်ပါစေ၊ ဘယ်သူ့ကိုပဲ ကျူးလွန်ပါစေ၊ အဲဒါအရေးမကြီးပါဘူး။ အရေးကြီးတာက နိုင်ငံတကာ တာဝန်ဝတ္တရားအရ အပြစ်ကျူးလွန်တဲ့သူကို တရားရုံးရှေ့မှောက် ပို့နိုင်ဖို့ပါ။  ဆိုတော့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ဆိုတဲ့ အချက်ပေါ်တည်ပြီး ကျနော်က ( Myanmar Accountability Project ) ကို တည်ထောင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာ အမှုတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အာဆီယံကို ဦးတည်ပြီးလုပ်တာပါ။ ကျနော်အနေနဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေက ရှေ့နေတွေနဲ့ ပြောဆို တိုင်ပင်နေတာရှိပါတယ်။ ပြီးတော့ တီမောလီစ် နိုင်ငံလည်းပါတာပေါ့။ သူကတော့ မကြာခင်မှာ အာဆီယံနိုင်ငံဖြစ်လာနိုင်တဲ့ နိုင်ငံတစ်ခုပါ။”

“အလားတူပဲစင်ကာပူက  ရှေ့နေတွေနဲ့လည်းတိုင်ပင်နေတာရှိပါတယ်။ အရေးကြီးဆုံးကတော့ ကျူးလွန်သူတွေဟာ သူတို့ လုပ်ရပ်အတွက် သူတို့ တာဝန် ယူကို ယူရမယ်ဆိုတဲ့အချက်ပါ။ သူတို့ အတွက် လုံခြုံတဲ့နေရာဆိုတာ မရှိစေရပါဘူး။  ဒီလို လုပ်ထားခြင်းအားဖြင့် ဥပမာ သူတို့ မလေးရှားနဲ့ အင်ဒိုနီးရှားကိုသွားတယ်ဆိုပါတော့ အဖမ်းခံရနိုင်တဲ့  အခွင့်အလမ်းသူတို့ဆီမှာရှိ တယ်။ ပြောရမယ်ဆိုရင် သဘောတရားအရကိုက သူတို့အတွက်လုံခြုံတဲ့နေရာမရှိစေရဘူး၊ ကောင်းကောင်းအိပ်မပျော်စေရဘူးဆိုတဲ့ အခြေခံပေါ်မှာတည်ထားတာပါ။ သူတို့ဟာ လူတွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်ရင်ပဲဖြစ်ဖြစ်၊ တရားမျှတမှုကိုဖောက်ဖျက်ပြီး ကျူးလွန်တာမျိုးပဲဖြစ်ဖြစ် သူတို့ တာဝန်ယူရမှာပါ။ ဒီနေရာမှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ တရားမျှတမှု ( Accountability and Justice) ဆိုတာသိပ်အရေးကြီးပါတယ်။ မြန်မာပြည်အတွက် ငြိမ်းချမ်းတဲ့ အနာဂတ်ကို လိုချင်တယ်ဆိုရင် ဒါတွေက ရှိကိုရှိရမှာပါ။ စစ်ရာဇတ်ဝတ်ကောင်တွေက တိုင်းပြည်ကို ဆက်အုပ်စိုးခွင့် ရနေတယ်ဆိုရင် မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ကြွယ်ဝချမ်းသာမှုဆိုတာ ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ပါဘူး။”  

မေး။ အခုပြောသွားတဲ့ အထဲမှ Accountability နဲ့ Justice ဆိုတာကိုထောက်ပြသွားတာ တွေ့ရတယ်။ လူတွေကလည်းအမြဲပြောကြပါတယ်။ တစ်နေ့မှာ အမှန်တရားက အောင်ပွဲခံလိမ့်မယ်၊ တရားမျှတမှုက အောင်ပွဲခံလိမ့်မယ်ဆို တာမျိုးပေါ့။ ဒီနေရာမှာပြောစရာရှိတာက မြန်မာနိုင်ငံက စစ်အာဏာရှင်တွေဟာ ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြတယ်။ အဲဒါက ၁၉၈၈ မတိုင်ခင်တုန်းကတည်းက ဒီနေ့ ဆွေးနွေးနေတဲ့အချိန်အထိပါပဲ၊ ဒါပေမဲ့ ဒါကို  ဘယ်သူမှလည်း မရပ်တန့်နိုင်သေးပါဘူး။ ကျမသိချင်တာက ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာနဲ့ ပတ်သက်တဲ့ အမြင်ပါ။

ဖြေ။ “ဒါက တော်တော်ဖြေရခက်တဲ့မေးခွန်းပါ။  မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ အင်္ဂလိပ်တွေ မြန်မာနိုင်ငံက ထွက်သွားတဲ့အချိန်မှာ အင်အား အကောင်းဆုံး အနေနဲ့ ကျန်ခဲ့တဲ့ အင်စတီကျူးရှရှင်းက စစ်တပ်ပါ။ အင်္ဂလိပ်ကိုလိုနီစနစ်ရဲ့ ဆိုးမွေလို့ ပြောရမယ်ထင်ပါတယ်။ သူတို့ထွက်သွားတဲ့အချိန်  မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ တရားစီရင်ရေးစနစ်၊ ပါလီမန်စနစ်၊ ကျန်းမာရေးစနစ်၊ လမ်းပန်းဆက်သွယ်ရေးစနစ်၊ အခွန်ပေးဝေမှု စနစ်၊ စီးပွားရေးစနစ်တွေကို ချန်မထားခဲ့နိုင်ပါဘူး။ အမှန်ပြောရရင် အင်္ဂလိပ်ကိုလိုနီစနစ်က  မြန်မာနိုင်ငံကနေ အမြတ်ထုတ်သွားတာပဲရှိပါတယ်။ ကိုလိုနီစနစ်ဆိုတာ တကယ်မကောင်းပါဘူး။ တကယ်ကိုအားကောင်းမောင်းသန်နဲ့ ကျန်ခဲ့တဲ့ အဖွဲ့အစည်းကလည်း စစ်တပ်ပဲဖြစ်နေပြီး ၁၉၆၀ လောက်မှစပြီး အာဏာသိမ်းမှူကို ကျူးလွန်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီ။”

“ဒီနေရာမှာမေးစရာရှိတာက စစ်တပ်ရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာပါ။ စစ်တပ်ခေါင်းဆောင်တွေက တိုင်းပြည်ဟာ သူတို့ အုပ်ချုပ်မှ ချမ်းသာမယ်၊ အလုပ်ဖြစ်မယ်လို့ ထင်နေသရွေ့ မဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် စစ်တပ်ကို အရပ်ဖက် အုပ်ချုပ်မှုအောက်မှာထားမှ ဖြစ်မယ်ဆိုတဲ့ အမြင် ရှိဖို့လိုအပ်ပါတယ်။ နိုင်ငံတိုင်းက စစ်တပ်ကိုလိုအပ်ပါတယ်။ ဒါကိုလက်ခံပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုဘာလဲဆိုတာကိုတော့ အလေးအနက်တွေးတောနိုင်ဖို့လိုပါတယ်။  စစ်တပ်ကို အသိပညာနဲ့ ဉာဏ် အမြော်အမြင်ကြီးတဲ့သူ အုပ်ချုပ်နေတယ်ဆိုရင်တော့ ဒါတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့  မဖြစ်နိုင်တော့ပါဘူးလို့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ စစ်တပ်ကို အုပ်ချုပ်ထားတဲ့ လူဟာ အင်မတန်မိုက်မဲပြီး အမြော်အမြင်နည်းတဲ့ လူညံ့ တစ်ယောက် ဖြစ်နေလို့ပါပဲ။”

“ရေရှည်မှာ စစ်တပ်အတွက်ရော၊ ပြည်သူလူထု ဘဝအတွက်ပါ အကျိုးရှိဖို့ဆိုရင်  စစ်တပ်ဆိုတာ အရပ်ဖက် အုပ်ချုပ်မှုအောက်မှာ ရှိမှဖြစ်မယ်ဆိုတာကို  စစ်တပ်ကိုယ်တိုင်က  မြင်နိုင်ဖို့လိုပါတယ်။ စစ်တပ်ကိုခြိမ်းခြောက်မှု တစ်ခုလို့မမြင်ဘဲ တိုင်းပြည်ရဲ့ အနာဂတ်လို့မြင်အောင် စွမ်းဆောင်နိုင်ဖို့လိုပါတယ်။ အခုတော့ မြန်မာစစ်တပ်က ရာဇဝတ်မှု ကျူးလွန်တဲ့ ဂိုဏ်းအဆင့်လောက်ပဲရှိတော့တယ်။ သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံ  အရပ်ဖက်အုပ်ချုပ်ရေး အောက်ပြန်ရောက်မယ့် အခြေအနေကိုစစ်တပ်ကခွင့်ပြုမှာလည်း မဟုတ်ပါဘူး။ ဒါက  ဝမ်းနည်းစရာကောင်းလှတဲ့ အနေအထားပါ။  ဒါကြောင့်လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပဲလို့ မြင်ပါတယ်။” 

“ဒီနေရာမှာ  အာဏာကို မျှခြေအနေအထားကနေ တစ်ဖက်ဖက်ကို နည်းနည်း ကျွံထွက်သွားအောင်လုပ်နိုင်ဖို့ဆိုတာ မဟာဗျူဟာကျတဲ့ အပြောင်းအလဲပါ။ ဒါပေမဲ့ အနှေးနဲ့ အမြန်  စစ်တပ်က ပိုပိုပြီးနားလည်လာမှာကတော့ သူတို့ မြေပြင်အနေအထားမှာဘယ်လိုမှ နိုင်နိုင်ခြေ မရှိတော့ဘူးဆိုတာကိုပါ။ လေကြောင်းကနေ ရမ်းသန်း ပစ်ခတ်တာ၊ အလွန်အမင်းအင်အားသုံး ပစ်ခတ်တာတွေလောက်ပဲ လုပ်နိုင်ပါတော့မယ်၊ ဘယ်တော့မှလဲ မြန်မာနိုင်ငံကို  ထိန်းချုပ်နိုင်တော့မှာ မဟုတ်တော့ဘူးဆိုတာလဲ သူတို့သိလာမှာပါ။”

“အခုလို ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ အတူ ပြင်ပက အကူညီတွေက လည်းအရေးပါပါတယ်။ အခု Burma Act ဆိုပါတော့၊ ဒါက ကြီးမားတဲ့ အထောက်အပံ့ လို့ပြောလို့ရပါတယ်။ အခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်တွေ ဒုနဲ့ ဒေးပြေးဝင်နေကြရတယ်။ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသဖြင့်ပေါ့။ အခုအချိန် ကျနော်တို့တွေ့နေရတာက မြန်မာနိုင်ငံဟာ ဒေသတွင်းဆိုင်ရာ ရာဇဝတ်မှုတွေရဲ့  ဗဟိုချက် တစ်ခု ဖြစ်လာတယ်။ ဒါတွေ အားလုံးဟာ အရှေ့တောင်အာရှနိုင်ငံတွေအတွက် ကောင်းတဲ့ အနေအထားတော့ မဟုတ်ဘူး။ အရေးအကြီးဆုံးကတော့ ဒါကို စစ်တပ်ထဲက လူတွေ ကိုယ်တိုင် သဘောပေါက်ဖို့လိုတယ်။ သူတို့အတွက်လည်း အနာဂတ်မရှိတဲ့ အနေအထားပါ။ ဆိုဗီယက်ယူနီယံ  ရက်သတ္တပတ်ခြောက်ပတ် အတွင်းထဲမှာ ပြိုကွဲသွားတယ်ဆိုတာကို မယုံမရှိပါနဲ့။”  

မေး။ MAP ကနေပြီးတော့ ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်ဗိုလ်ချုပ်တွေကို တရားစွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရတယ်လေ။ အခြေအနေဘယ်လိုရှိသလဲ။

ဖြေ။ “စစ်ရာဇတ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုပြောတာဆိုရင် လောလောဆယ်တော့ ဖိလစ်ပိုင်နဲ့ ပတ်သက်ပြီးတော့ ကျနော်အများကြီးတော့ မပြောနိုင်သေးပါဘူး။  ဂျာကာတာမှာတော့ လူ့အခွင့်အရေးကောင်စီကိုတင်ထားတဲ့ အမှုရှိပါတယ်။ မလေးရှားမှာလည်း ရှိလာမှာပါ။  ဒီလိုလုပ်ဆောင်တဲ့ အခါမှာ ဘယ်သူ့ကို ဘာပြစ်မှုနဲ့ ဆွဲတယ်ဆိုတာမျိုး သတ်သတ်မှတ်မှတ် ဖြစ်အောင်လုပ်ရတာတွေ ရှိပါတယ်။ တချို့ကျူးလွန်ခံရသူတွေနဲ့ ကျူးလွန်သူတွေကို အတိအကျ ရထားတာတွေလည်းရှိတယ်။ ဒါတွေကို သက်သေနဲ့တကွ တင်ပြနိုင်တဲ့ တနေ့မှာ သူတို့ အဖမ်းခံရမှာပဲ။ ဒါပေမဲ့ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက်  Advocacy တွေလုပ်ရဦးမှာပါ။ လောလောဆယ်မှာတော့ တိုင်းပြည်ကို ဘယ်သူက ကိုယ်စားပြုခွင့်ရမလဲဆိုတဲ့( PR battle) ဖြစ်နေပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ (PR) ကို ဘယ်လို လုပ်ရမယ်ဆိုတာ ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့်လည်း အခု ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေးလိုက်တာပါ။  ဒါက နိုင်ငံတကာအမြင်ကိုပြောင်းအောင်လုပ်တာပါ။” 

“အမှန်တော့ သူတို့က နဂိုကတည်း တရားဝင်မှုရှိတဲ့လူတွေ မဟုတ်ပါဘူး။  အရေးပေါ်ကာလဆိုပြီး အမြဲတမ်းသက်တမ်းတိုးနေရတာကိုကြည့်ပါ။  အခုဆိုရင်လေးကြိမ်တောင်ရှိလာပြီလေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သက်တမ်းတိုးခွင့်က နှစ်ကြိမ်ပဲ ခွင့်ပြုထားတာပါ။ လေးကြိမ်အထိ တိုးခွင့်ရှိတယ်လို့ ဖော်ပြထားတာ မရှိပါဘူး။ အာဏာသိမ်းတာကလည်း တရားမဝင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီး သိမ်းတာပါ။  ဒါကြောင့် ဒီမိုကရေစီခေါင်းဆောင်တွေအပေါ် ချမှတ်ထားတဲ့စီရင်ချက်တွေကလည်းတရားမဝင်သလို သူတို့လည်း တရားဝင်အစိုးရ မဟုတ်ပါဘူး။ အခုက ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာဖြစ်နေတယ်ဆိုပေမယ့်  သူတို့ရှုံးနေပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့တင်ထားတဲ့ အမှုတွေအတွက်  advocacy တွေ အများအပြားလုပ်နေရပါတယ်။ ကျနော်တို့က သူတို့ရဲ့ တရားဝင်မှုကို လုံး၀ ငြင်းဆိုထားပြီးသားပါ။ ဒါကတော့ မတူညီတဲ့ တခြားနည်းလမ်းတစ်ခုနဲ့ ချဉ်းကပ်ဆောင် ရွက်တာမျိုးပါ။ ဒါကြောင့် သူတို့ကလည်း နိုင်ငံတကာကအသိအမှတ် ပြုမှုရအောင် အသည်းအသန်ကြိုးစားနေတာပါ။ ကျနော်တို့ကိုယ်တိုင်ကတော့ သူတို့ရဲ့ တရားဝင်မှု ဆိုတာကို ငြင်းဆိုနေတဲ့ နိုင်ငံတကာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။”

မေး။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းပါ။ မြန်မာပြည်သူတွေက မြင်ကြတယ်။ မြန်မာ့အရေးမှာ နိုင်ငံတကာက နှုတ်ဆိတ်နေတယ်ဆိုတာမျိုးပေါ့။ ခရစ်ကော ဘယ်လိုမြင်လဲ။

ဖြေ။  “ ဒါကို ကျနော်လက်ခံပါတယ်။ အကြောင်းရင်းကတော့  ဒီနေ့ ယူကရိန်း ဆိုရင်လည်း တော်လေးဆိုးဆိုးဝါးဝါးဖြစ်နေပါတယ်။ ဆီရီးယား၊ ယီမင် စသဖြင့်ပါပဲ။ အလားတူပဲ ကမ္ဘာကြီးပူနွေးလာမှုတွေ၊ ရာသီဥတုပြောင်းလဲလာတဲ့ဖြစ်စဉ်တွေ၊ ရေကြီးရေလျှံပြဿနာတွေ ဒါတွေဟာ  မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ သတင်းတွေကို  သတင်းခေါင်းကြီးပိုင်းကနေ ပျောက်ကွယ်သွားအောင် တွန်းပို့နေတဲ့ အကြောင်းရင်းတွေပါ။ ဒါကြောင့် ကျနော်ပြောချင်တာက စိတ်ဓာတ်ရှိတဲ့၊ ရည်ရွယ်ချက်ခိုင်မာတွေ အဖွဲ့တွေပေါင်းစည်းပြီးတော့ လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ မက်ပ် ( MAP) က လုပ်နေသလိုမျိုးပေါ့။ ကျနော်တို့ တကယ်ကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြတာပါ။ မြန်မာတွေရဲ့ စိတ်ထဲမှာ ပြင်ပကမ္ဘာမှာ ငါတို့အတွက် တကယ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ လူတွေ ရှိနေပါသေးလားဆိုတဲ့အမြင်နဲ့ သန္နိဋ္ဌာန် ခိုင်မာမှုအတွက်လည်း အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။ မြန်မာပြည်သူတွေကို သိစေချင်တာက သူတို့ဘက်မှာ ကျနော်တို့လို အဖွဲ့အစည်းတွေ ရှိနေပါတယ်။ သေချာတာတစ်ခုကတော့ တစ်နေ့မှာ တရားမျှတမှုကို မြန်မာပြည်သူတွေ ဆီကို ရောက်အောင်ယူလာပေးမှာပါ။  ဒါကိုတော့ မေ့မထားစေချင်ပါဘူး။” 

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024