Home
မြန်မာသတင်း
မိုးကုတ်မြို့က ရွာ ၅၀ ကျော်ကို မီးဖြတ်ထားပြီး ငွေတောင်းနေ
DVB
·
August 6, 2023
Electricity (06 august 2023)

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ကျေးရွာ ၅၂ ရွာကို ပြီးခဲ့တဲ့လကုန်ပိုင်းကစလို လျှပ်စစ်မီးဖြတ်တောက်ထားပြီး အိမ်တအိမ်ကို ငွေ ၂ သောင်းပေးမှ မီးပြန်ရမယ်လို့ လျှပ်စစ်ရုံးကပြောတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ကစလို မီးဖြတ်ထားတာဖြစ်ပြီး ရွာလူကြီးတွေကို လျှပ်စစ်ရုံးက ဖုန်းဆက် ငွေတောင်းတာလို့ သိရပါတယ်။

ဘော်လုံးကြီးကျေးရွာဒေသခံတယောက်က "ပိုက်ဆံပေးမယ် မီးပြန်ပေးမယ်ဆိုရင်လည်း ပေးတဲ့ တရက်နှစ်ရက်ပဲ ပုံမှန်လာတာ။ နော​က်ရက်ကျ လာတဲ့ရက်လာ၊ ပျက်တဲ့ရက်ပျက်၊ မှန်မှမမှန်တာ။ ဘယ်သူမှလည်းတာဝန်မခံရဲဘူး" လို့ ပြောပါတယ်။

မိုးကုတ်မြို့က ကင်းကျေးရွာလည်း လျှပ်စစ်မီးဖြတ်တောက်ခံထားရပြီး တနှစ် ဖြတ်ထားမယ်လို့ သိရကြောင်း ဒေသခံတွေကပြောပါတယ်။

ဒေသခံတယောက်က "မီးပျက်နေတာကြာပြီ။ ခုကလုံးဝကိုမပေးတော့တာ။ အရင်ကတောင် ခဏတဖြုတ်လာသေးတယ်။ တနှစ်ဖြတ်မယ်ပြောတယ်။  ဘာကြောင့် ဖြတ်တယ် ဆိုတာမသိရဘူး" လို့ ပြောပါတယ်။

မိုးကုတ်မြို့ထဲရပ်ကွက်တွေမှာတော့ လျှပ်စစ်မီးအချိန်ပိုင်းနဲ့ရနေပြီး မြို့အနီးကျေးရွာတွေဖြစ်တဲ့ ကင်းကျေးရွာ၊ ကပိုင်ကျေးရွာ၊ ဘော်လုံးကြီးကျေးရွာ၊ ဘော်လုံးလေးကျေးရွာ၊ ဆင်ခွာကျေးရွာ၊ လီဆူကျောက်ပုံကျေးရွာ၊ ကြက်နှဖရွာ၊ မာနားရွာ၊ ကုန်းစံ၊ လီဆူကုန်းစံ စတဲ့ရွာတွေမှာ လျှပ်စစ်မီးဖြတ်တောက်ခံထားရတာပါ။ 

အဲဒီရွာတွေဟာ မီတာခ လုံးဝမဆောင်တဲ့ရွာတွေတော့ မဟုတ်ဘူးလို့ သိရပြီး လျှပ်စစ်မီး ဘာကြောင့် ဖြတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

မိုးကုတ်မြို့လျှပ်စစ်မီတာရုံးကို ဇူလိုင် ၂၇ ရက်နေ့ညနေ ၅ နာရီ ဝန်းကျင်မှာ မိုးမိတ်ခရိုင် KPDF တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်လက်အောက်ခံ ၅ ယောက် သေဆုံး၊ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024