Home
မြန်မာသတင်း
ဘီးလင်းတွင် ကုက္ကိုပင်လဲကျပြီး ဈေးဆိုင်ခန်း ၃၀ ကျော်ပျက်စီး
DVB
·
August 6, 2023
Beilin (06 august 2023)

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မင်္ဂလာစျေးမှာ ဩဂုတ် ၆ ရက် ဒီနေ့ မနက်ပိုင်းက ကုက္ကိုပင်လဲကျခဲ့ပြီး ဈေးဆိုင်ခန်း ၃၀ ကျော် သစ်ပင်ပိပျက်စီးသွားတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မနက် ၈ နာရီလောက်မှာ ဈေးသူဈေးသားတွေက အကြောင်းကြားတာကြောင့် ဘီးလင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာနဲ့ အရပ်ဖက်အသင်းတွေ ပူးပေါင်းပြီး ရှာဖွေရှင်းလင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က “မင်္ဂလာဈေးကဆိုင်ခန်း အတိအကျဆို ၃၂ ခန်းပါ။ ကုက္ကိုပင်ပိတာရော ကိုင်းတွေနဲ့ ရိုက်မိထားတာလည်း ပါတယ်။ အများစုက ခေါင်မိုးပွင့်၊ အခင်းနဲ့ အကာတွေ ပြိုကျတာပါ။ ဈေးက လူမနေလို့ ပိတဲ့အချိန် လူထိခိုက်တာတွေ မရှိပါဘူး” လို့ ပြောပါတယ်။

ညပိုင်းကတည်းက ဘီးလင်းမြို့မှာ မိုးသည်းသည်းထန်ထန်ရွာနေခဲ့ပြီး ဈေးဝန်းထဲမှာရှိတဲ့ အမြင့် ပေ ၈၀ လောက်ရှိတဲ့ ကုက္ကိုပင်ဟာ အမြစ်ကကျွတ်ထွက်ပြီး မင်္ဂလာဈေး ဆိုင်ခန်းတွေအပေါ် ပိကျခဲ့တာလို့ သိရပါတယ်။

ဈေးဆိုင်ခန်းပျက်စီးဆုံးရှုံးမှုကို မီးသတ်တပ်ဖွဲ့နဲ့ ဈေးစည်ပင်အဖွဲ့က တွက်ချက်နေဆဲ ဖြစ်ပြီး အရပ်သားထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ 

ဘီးလင်းမြို့မှာ ဩဂုတ် ၅ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာနေတာနဲ့ ဘီးလင်းမြစ်ရေတက်တာတွေကြောင့် စိုးရိမ်ရေမှတ် ၁၀၂၂ စင်တာမီတာ ကို ကျော်လွန်ပြီး ၁၀၈၇ စင်တာမီတာ အထိရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024