တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်(Shandong) ပြည်နယ်မှာ သြဂုတ်လ ၆ရက်၊ တနင်္ဂနွေနေ့က ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၂၂ ဦးဒဏ်ရာရရှိကာ အဆောက်အအုံ ၁၂၆ လုံးအထိ ပြိုကျသွားတယ်လို့ နိုင်ငံပိုင်ရုပ်သံ စီစီတီဗီ မှာဖော်ပြခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၂ နာရီ ၃၃မိနစ်တုန်း က ဒဲ့ကျိုး(Dezhou) မြို့ရှိ ပင်းယွမ်(Pingyuan) ခရိုင်ရဲ့ ၁၀ ကီလိုမီတာ အနက်တစ်နေရာမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တရုတ်မြေငလျင် ကွန်ရက်များစင်တာ (CENC) အရ သိရပါတယ်။
မနက် ၃နာရီ ၂မိနစ်မှာတော့ အင်အား ၃ အဆင့်သာရှိတဲ့ ဒုတိယမြောက်ငလျင်ဟာ ၉ ကီလိုမီတာအနက်မှာ နောက်တစ်ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ CENC က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ပေကျင်း-ရှန်ဟိုင်း မီးရထားလမ်းနဲ့ ပေကျင်း-ခေါင်လွန်း(Kowloon) မီးရထားလမ်းတို့ အပါအဝင် ရထားပြေးဆွဲမှု အချို့ကို တရုတ်မီးရထားအဖွဲ့ က ရပ်ဆိုင်းထားတယ် ဆိုပြီး စီစီတီဗီ သတင်းမှာ ပါဝင်ပါတယ်။
ဒီ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ ဒဲ့ကျိုး(Dezhou) မြို့အလယ်ပိုင်းက ပင်းယွမ်(Pingyuan) ခရိုင်မှာ လူဦးရေ ၄ သိန်း ၂ သောင်းအထိ ရှိတယ်လို့ ဆိုပါတယ်။
Source-Reuters