ဘီးလင်းမြို့နယ်ထဲမှာ ရေကြီးနေလို့ ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမပေါ်အထိ ရေကျော်ပြီး ကားတွေပိတ်မိနေသလို၊ ဖြတ်မောင်တဲ့ကားတချို့တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တချို့ဒေသတွေမှာလည်း ရေကြီးရေလျှံတာရက်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲကြပ်တည်းလာပြီး အကူအညီတွေ လိုအပ်နေပါတယ်။
ဩဂုတ် ၅ ရက် မနေ့ ညနေ ၄ နာရီခွဲအချိန်ကနေ ရန်ကုန်-မော်လမြိုင်လမ်း၊ ဘီးလင်း-ကျိုက်ကော်လမ်းပိုင်းကို ပိတ်လိုက်တာကြောင့် ဘီးလင်းလမ်း ရေကျော်တဲ့ နေရာမှာ ကားတွေက ရာနဲ့ချီပိတ်မိနေခဲ့တယ်လို့ ကားသမားတွေက ပြောပါတယ်။
ဩဂုတ် ၅ ရက် မနေ့ မနက်ပိုင်းက ကားလမ်းပေါ်ရေစီးသန်နေချိန်ဖြတ်မောင်းတဲ့ ကုန်တင်ကားကြီးတစီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့သလို မွန်းလွဲပိုင်းမှာလည်း ကုန်တင်ကားငယ်တစီး ထပ်မံတိမ်းမှောက်ခဲ့ပါတယ်။
ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်၊ မြဝတီ- ဘားအံသွားကားတွေ ရာနဲ့ချီ သောင်တင်နေတာ ၂ ရက်လောက်ရှိနေပြီး လူနာတင်ကားတွေ၊ ခရီးသည်ကားတွေနဲ့ ကုန်ကားတွေကလူတွေဟာ စားရေးသောက်ရေး ခက်ခဲနေကြတယ် လို့ ခရီးသွား တယောက်က ပြောပါတယ်။
ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကျော်ပြီး ဩဂုတ် ၅ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်တွေအရ စိုးရိမ်ရေမှတ်အထက် ၂ ပေလောက်၊ ၁၀၇၆ စင်တီမီတာ အထိ ရောက်ရှိနေတယ်လို့ မိုးလေဝသဌာနဆီကနေ သိရပါတယ်။
ဘီးလင်းရေကြီးမှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးစခန်း ၂၄ ခုအထိ ဖွင့်လှစ်ထားရပြီး ထောင်နဲ့ချီလူတွေကိုလည်း ရေဘေးလွတ်ရာကို ပြောင်းရွှေ့ထားပါတယ်
မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာတာနဲ့အမျှ သထုံမြို့နယ် ဒုံဝန်းကျေးရွာအပါအဝင် ရေကြီးနေတဲ့ကျေးရွာတွေမှာ အရေးပေါ်အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သွားလာရေးခက်ခဲပြီး အလုပ်အကိုင်တွေရပ်ထားရသလို အိမ်အမြင့်တွေဆီ ပြောင်းရွှေ့နေထိုင်ကြပေမယ့် စားဝတ်နေရေးအခက်အခဲတွေကြုံနေရတယ်လို့ သိရပါတယ်။
photo- ဒေသခံ