Home
မြန်မာသတင်း
စစ်ကိုင်းက ကျေးရွာ ၂ ရွာတွင် ရွှေဘိုခရိုင်တပ်ရင်းက ဆေးကုသပေး
DVB
·
August 6, 2023
365274879_300179452510599_3075136924651789818_n

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွှေဘိုခရိုင်တပ်ရင်း ၁၈ က လာရောက်ပြီး ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၅ ရက် မနက်ပိုင်းကစလို့ လူနာ ၃၀၀ ကျော်ကို ကုသပေးခဲ့တာဖြစ်ပြီး အဲဒီ ရွာ ၂ ရွာမှာ ဆေးကုပေးမယ့်သူမရှိတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတယောက်က “ရာသီတုပ်ကွေးဖြစ်တဲ့သူတွေကလည်း များတယ်ရှင့်။ နောက်ပြီး သွေးတိုး၊ ဆီးချိုသမားတွေနဲ့ နာတာရှည်လူကြီးရောဂါသည်တွေပါ။ ကျမတို့ အဲလို ရောဂါသည်တွေကို မြို့တက်ပြီးလည်း ဆေးကုသမပေးရဲဘူး။ စစ်ကောင်စီက ဆရာတို့သိတဲ့အတိုင်းပဲ။ သူတို့မထင်ရင် မထင်သလို ဖမ်းပြီးသတ်နေကြတာဆိုတော့ မြို့ပေါ်တက်ပြီးလည်း ဆေးကုသမသွားရဲဘူး‌လေ။ အခုလို တော်လှန်ရေး‌ ဆေးအဖွဲ့တွေက ကူညီပေးတော့ ကျမတို့ အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၈ ရဲ့ တပ်ရင်းမှူး ကိုစွန်ရဲက “လုံခြုံရေးအရ‌ ကျေးရွာအမည် ဖော်ပြ မပေးနိုင်တာကိုလည်း ကနဦးတောင်းပန်ပါရစေဗျ။ ရွာတွေက မြစ်ရေကြီးချိန်လည်းဖြစ်၊ မိုးရာသီလည်းဖြစ်တော့ သွားရေးလာရေး အတော်ခက်ခဲတဲ့ရွာတွေပါ။ ဒီနေ့ကျနော်တို့ ကုသပေးခဲ့တဲ့လူနာက ၃၀၀ ကျော်ပါတယ်ဗျ။ အဓိကတော့ ရာသီတုပ်ကွေး လူနာတွေရယ်၊ သွေးတိုး၊ ဆီးချိုသမားတွေနဲ့ နာတာရှည်ရောဂါသမားတွေကို ကုသပေးခဲ့တာပါ” လို့  ပြောပါတယ်။

စစ်ကောင်စီကတော့ စစ်ကိုင်းမြို့နယ်ထဲကို ဧရာဝတီမြစ်ကြောင်းကနေ စစ်ကြောင်းထိုး နေသလို ကုန်းကြောင်းကလည်း စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွဟာ နေပူ မိုးရွာထဲမှာ ထွက်ပြေးတိမ်းရှောင်ရင်း ရာသီတုပ်ကွေး ဖြစ်သူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024