တရုတ် - မြန်မာ နယ်စပ်၊ မူဆယ်ကနေ နှစ်နိုင်ငံနယ်စပ် အဝင်အထွက်အတွက် ကွတ်ခိုင် အိမ်ထောင်စုစာရင်းကိုင်ဆောင်သူတွေ ဖြတ်ကျော်ခွင့်စာအုပ် လုပ်လို့ရပြီ လို့ နှစ်နိုင်ငံ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ ကွတ်ခိုင် ခရိုင် အုပ်ချုပ်ရေးမှူးဆီက ထပ်ဆင့်ထောက်ခံချက် ရယူပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။
နှစ်နိုင်ငံ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူတယောက်က "ရပြီ။ အဲဒါတွေကလေ ကွတ်ခိုင် ခရိုင်မှူးရဲ့ လက်မှတ်တွေပါတယ်။ ထောက်ခံချက်တွေ ပါတယ်။ ကိုယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာတွေရော ပါပြီးတော့ မူဆယ်ခရိုင်ကို စာတင်ပြီး မူဆယ်ခရိုင်မှူးရဲ့အတည်ပြုချက်ယူပြီးမှ ခရိုင် လဝကမှာ စာအုပ်ထုတ်လို့ရတယ်" လို့ ပြောပါတယ်။
တရုတ်နိုင်ငံ ရွှေလီမြို့ကို သွားရောက် အလုပ်လုပ်ကိုင်တာကလွဲလို့ ဆွေမျိုးတွေဆီ အလည်သွားရောက်ချင်တဲ့ ကွတ်ခိုင်မြို့ သန်းခေါင်စာရင်းဝင်၊ အိမ်ထောင်စုစာရင်း ရှိသူတွေကို ဒီအကြောင်း အသိပေးဖို့ဆိုပြီး မြန်မာဘက် ဌာနဆိုင်ရာက ပြီးခဲ့တဲ့ ၃ ပတ်လောက်ကတည်းက စာထွက်ထားတယ် လို့လည်း ဆက်ပြောပါတယ်။
"သူက အလည်အပတ်လို့သာ ပြောတာ၊ စာအုပ်အနီရရင် ဒီဘက်မှာပဲ နေကြတာလေ" လို့ သူက ရှင်းပြပါတယ်။
တရုတ်နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ အရင်ကတည်းက အလုပ်လုပ်ခွင့် မပြုထား ပေမယ့် တရုတ် - မြန်မာ နားလည်မှုအရ မြန်မာဘက်က စာအုပ်အနီ ထုတ်ပေးပြီးရင် တရုတ်ဘက်ကို ကျသင့်ငွေပေးပြီး စာအုပ်အစိမ်း နေထိုင်ခွင့်လက်မှတ်တွေ၊ ကျန်းမာရေး လက်မှတ်တွေနဲ့ အလုပ်သမားကဒ်တွေ ထုတ်ပေးတာမျိုး ရှိတယ်လို့လည်း သိရပါတယ်။
မူဆယ်ခရိုင်ရဲ့ ဌာနဆိုင်ရာဦးစီးမှူးကတယောက်က "မရဘူးလို့ ပြောတယ်။ ဒါပေမယ့် တချို့လည်း ရတယ်လို့ ပြောတယ်နော်။ အဲလောက်ပဲပြောတယ်။ သိလား။ ဘယ်လိုရတယ် ကျနော်လည်း မသိဘူး။ အဲဒါကျတော့ ပွဲစားနဲ့ မလုပ်နဲ့လို့။ ပွဲစားကတော့ ၁၀၀ မှာ ၁၀၀ လုံး အလိမ်ခံရတာပဲ" လို့ ပြောပါတယ်။
လတ်တလောမှာတော့ အိမ်ထောင်စု၊ မှတ်ပုံတင်အတုတွေလုပ်လို့ မဖမ်းမဖြစ်လို့ ဖမ်းထားတဲ့အမှု ၅ မှု လောက် ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီလကစလို့ နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ် ဒေသခံတွေကိုပဲ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ပြုလုပ်ခွင့်ပေးထားပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအရ အလုပ်အကိုင်ရှားပါးမှုပြဿနာကြောင့် တရုတ်နယ်စပ်ဘက်ကို အလုပ် လုပ်ကိုင်လိုတဲ့ တခြားဒေသခံတွေက ပွဲစားနဲ့တဆင့် ပြုလုပ်လာပြီး လူအများအပြား သိန်းဆယ်ချီ လိမ်လည်ခံနေကြရတယ်လို့လည်း နယ်စပ်မှာ အလုပ်လုပ်နေသူတွေဆီက သိရပါတယ်။