မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေနေထိုင်တဲ့ရွာနဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ သင်္ဘောတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာ တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကနေ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ ဘက်ကိုထွက်လာတဲ့ စစ်သင်္ဘော ၂ စင်း၊ ဖလက်ခွံ ၃ စင်းတို့ကို ဆားလင်းကြီးမြို့ရဲ့ မြစ်ကမ်းတနေရာမှာ သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြတာပါ။
ရေစကြိုမြို့ထဲကနေ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေကို စစ်ကောင်စီ ထောက်ပို့ရေယာဉ် သင်္ဘောတွေနဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း သယ်ယူလာတဲ့သတင်းရလို့ စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာလို့ Hero Fighter Salingyi-တိုက်ခိုက်ရေး အထူးအဖွဲ့ ခေါင်းဆောင် ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့ကစောင့်တိုက်တာပါ။ ကျနော်တို့ဘက်က ရှေ့ထွက်ပြောင်းတိုက်တွေနဲ့ စပစ်တော့ သူတို့သင်္ဘောမှာပါတဲ့ စက်လတ်တွေ၊ မော်တာတွေနဲ့ပြန်ပစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် မိနစ် ၄ဝ လောက် ကြာခဲ့ပါတယ်ဗျ။ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက် ဒဏ်ရာရခဲ့ပြီး ရဲဘော် ၁ ယောက် အမောဖောက်သွားခဲ့ပါတယ်။ သူတို့ဘက်က အထိအခိုက်ကိုတော့ အတည်မပြုနိုင်ပါဘူးဗျ" လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတုန်းက ချင်းတွင်းမြစ်ကြောင်းထဲကို စစ်သင်္ဘော၊ ကမ်းထိုးယာဉ်နဲ့ ထောက်ပို့ဖလက်ခွံတွေ ၁ဝ ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့ပြီး အခုတိုက်ခိုက်မှုကို Hero Figther Salingyi-တိုက်ခိုက်ရေးအထူးအဖွဲ့နဲ့ အတူ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi)၊ တောင်ပံနီပြောကြားတပ်ဖွဲ့ နဲ့ တခြားမဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မကွေးတိုင်းထဲမှာလည်း မြိုင်မြို့နယ်၊ သရက်ကွကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကို သြဂုတ် ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ မြိုင်ပကဖ တပ်ရင်း ၃၊ တပ်ခွဲ-၁ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး အဖွဲ့ပေါင်း ၃၀ ကျော်က တိုက်ခိုက်ခဲ့ကြတာပါ။
လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၅၀၀ လောက်ပစ်ခတ်ခဲ့သလို မောင်းသူမဲ့ လေယာဉ်တွေနဲ့လည်း အီနာဂါဗုံးသီး ၁၀ လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး ပြန်မခုခံနိုင်ဘဲ ကတုတ်ကျင်းတွေ ထဲမှာ ဝင်ပုန်းနေကြတယ်လို့ မြိုင် ပကဖ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီသရက်ကွကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်းနေပြီး ပျူစောထီးတွေအနေနဲ့ စခန်းသိမ်းပြီးမှ လက်နက်ချ အညံ့ခံတာမျိုးမဟုတ်ဘဲ အမြင်မှန်ရပြီး အလင်းဝင်ကြဖို့ သတိပေးချင်တယ်လို့လည်း သူက ပြောပါတယ်။