ပြင်သစ်နယ်စပ်နဲ့ သိပ်မဝေးတဲ့ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ပေါ်ရ်ဘိုးမြို့မှာ လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမား ၂၅၀ နဲ့ ရဟတ်ယာဉ် ၆ စီးတို့ဟာ သြဂုတ် ၅ ရက်မှာ မီးငြှိမ်းသတ်ဖို့ ကြိုးစားနေကြတယ်လို့ ကက်တလိုနီးယားပြည်နယ်ရဲ့ မီးသတ်သမားတွေက ပြောပါတယ်။
အခုထိ တောမီးကြောင့် ၄၃၅ ဟက်တာ (၁၀၇၅ ဧက) မီးလောင်ကျွမ်းခဲ့ကြောင်း သိရပြီး အာဏာပိုင်တွေဟာ အနီးနားရှိ စခန်းချနေရာမှ အများစု ပါဝင်တဲ့ လူပေါင်း ၁၄၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း မီးသတ်သမားတွေက ပြောကြားခဲ့ပါတယ်။
သောကြာနေ့ မွန်းလွဲပိုင်းက စတင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် လမ်းတွေ ပိတ်ခဲ့ပြီး ပေါ်ရ်ဘိုး မြို့ခံတွေဟာ လျှပ်စစ်မီးနဲ့ ရေပြတ်တောက်ခဲ့ပြီး စနေနေ့ မနက်ပိုင်းမှာတော့ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
လေတိုက်နေတာကြောင့် မီးငြှိမ်းသတ်ရေးမှာ အနှောင့်အယှက်ဖြစ်ရပြီး လူနေဒေသတွေဆီ မရောက်အောင် ကာကွယ်ရမှာဖြစ်လို့ တောင်ကုန်းတွေရဲ့ ညာဘက်အခြမ်းကို ဦးစားပေး လုပ်ဆောင်နေကြောင်းလည်း မီးသတ်သမားတွေက ပြောပါတယ်။
Source-Reuters