အင်္ဂလန်ထိပ်သီးကလပ် မန်ချက်စတာစီးတီးအသင်းဟာ လိုက်ဇစ်နောက်ခံလူ ဂျီဗာဒီယိုလ်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ သြဂုတ် ၅ ရက်နေ့မှာ တရားဝင်ကြေညာပါတယ်။
ကျောနံပါတ် ၂၄ ဝတ်ဆင်ကစားမယ့် ဂျီဗာဒီယိုလ်အတွက် မန်စီးတီးအသင်းဟာ လိုက်ဇစ်အသင်းကို ပေါင် ၇၇ သန်းခွဲ ပေးချေရမှာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။
ဂျီဗာဒီယိုက “ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းမှာကစားဖို့ဟာ ကျနော့်ရဲ့ အိပ်မက်ပါ။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးကစားတာ မြင်ဖူးတဲ့သူတိုင်း သူတို့ကမ္ဘာ့အကောင်းဆုံး အသင်းဆိုတာသိပါတယ်။ စီးတီးကိုပြောင်းရွေ့ရတာ ကျနော်နဲ့ ကျနော့် မိသားစုအတွက်တော့ အရမ်းကို ထူးခြားတဲ့အရာပါ။ နည်းပြဂွါဒီယိုလာဟာ အံ့သြစရာကောင်းတဲ့နည်းပြဖြစ်ပြီး သူနဲ့လက်တွဲခွင့်ရတာလည်း ဂုဏ်ယူမိပါတယ်။ မန်စီးတီးအသင်းအတွက် ကစားပေးဖို့ မစောင့်နိုင်တော့ဘူး" လို့ ပြောပါတယ်။
အသက် ၂၁ နှစ် အရွယ် ဂျီဗီဒီယိုလ်ဟာ ခရိုးအေးရှားအသင်းဖော် ကိုဗာစစ်ပြီးနောက် မန်စီးတီးအတွက် အခုနှစ် နွေရာသီအပြောင်းအရွေ့မှာ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်ပါတယ်။
မန်စီးတီးဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းက ဂျီဗီဒီယိုလ်ဟာ ကစားသမားကောင်းဖြစ်တာကြောင့် ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ မန်ချက်စတာစီးတီးအသင်းကို ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။
ဂျီဗာဒီယိုလ်ဟာ လိုက်ဇစ်အသင်းအတွက်နောက်ဆုံး ၂ ရာသီအတွင်း ၈၇ ပွဲကစား ၅ ဂိုးသွင်းခဲ့ပြီး ဂျာမန်ပိုကယ်ဖလား ၂ လုံးဆွတ်ခူးခဲ့ပါတယ်။
ခရိုးအေးရှားလက်ရွေးစင်အသင်းအတွက်လည်း ၂၁ ပွဲကစားထားပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပါတယ်။
Source. Manchester City