စစ်အင်အားတိုးချဲ့ပိတ်ဆို့တာတွေကြောင့် ဆက်ဆံရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က မလိယန်ရွာနားကို သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာ ၂ စင်းနဲ့လာရောက်ပြီး လေးကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြေပြင်တိုက်ပွဲမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်သွားတာဖြစ်ပြီး အခုဖြစ်စဉ်မတိုင်ခင် နေ့က ဂန်ဒေါင်ယာန်ဘက်ခြမ်းမှာရှိတဲ့ စစ်တပ်စခန်းတခု နောက်ဆုတ်သွားခဲ့ပြီး စစ်ကောင်စီဘက်က မလိယန်ကျေးရွာအနီးတဝိုက်ကို လာရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဝိုင်းမော်ကနေ မြစ်ကြီးနားကို သွယ်တန်းရယူထားတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံက ဓာတ်အားကြိုးတချို့ပျက်စီးခဲ့ပြီး မြစ်ကြီးနားမြို့မှာ မနက်ပိုင်းကစလို့ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။
မြစ်ကြီးနားမြို့ခံတယောက်က “မနက်က ၁၁ နာရီလောက် လေယာဉ်နဲ့ပစ်တာ ဝိုင်းမော်က လျှပ်စစ်ကြိုးတွေပါထိသွားလို့တဲ့။ အခုထိမီးမလာသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစလို့ မြစ်ကြီးနား-ဗန်းမော် လမ်းကြောတလျှောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးချဲ့တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး နမ်ဆန်ယန်ရွာနားမှာ ထိတွေ့တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဖြစ်နေတာပါ။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျောက်ရစ်ရဲစခန်းကို စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း MSPDF နဲ့ မဟာမိတ်တပ်ဖွဲ့ ၁၅ ဖွဲ့က ဩဂုတ် ၃ ရက် ညနေပိုင်းမှာ ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံး၊ ၁၀ ယောက်ဒဏ်ရာရခဲ့တယ်လို့ MSPDF က မနေ့ညနေမှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် MSPDF က ပထမဦးဆုံးပြုလုပ်တဲ့ ''အညာတခွင်ပြဲပြဲစင်ဖို့ စင်ရော်လေးများနဲ့ ပွဲကမယ်” ဆိုတဲ့ ရန်ပုံငွေ ကမ်ပိန်းကိုလည်း ပြည်သူတွေ ပါဝင်အားဖြည့်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။