မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ရာလမ်းမတခုဖြစ်တဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်နဲ့ ဂုတ်တွင်းကြားမှာ ဩဂုတ် ၄ ရက်နေ့ မနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးခဲ့တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ကုန်သည်တယောက်က "ပြန်လာတာ ဂုတ်တွင်းမှာ တိုက်ပွဲ ဖြစ်တာ။ ဇီးပင်နားမှာ။ ... အခုပဲ အခုပဲ ဖြစ်တာ။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ဖြစ်တာ" လို့ မနေ့ မွန်းလွဲ ၁ နာရီလောက်မှာ ပြောပြပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုတို့ နာရီဝက်ကြာလောက် တိုက်ပွဲဖြစ်ခဲ့ပြီး လမ်းပြန်ဖွင့်ချိန် ဖြတ်သွားရာမှာတော့ စစ်ကားတစီးက ချောက်ထဲကို တဝက်ကျနေတာမြင်ရပြီး ကား ၁ စီးလုံး အပြည့်လောက်ရှိတဲ့ စစ်သားတွေ သေနေတာကို မြင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
"အဲပေါ်မှာ သေနေတဲ့ စစ်သားအလောင်းတွေ တင်ထားတာ။ မြင်တောင် မကောင်းဘူး။ အပြည့်ပဲ။ ဟို လှေကားထစ်လိုမျိုး ထပ်ထားတာ။ လူသေ အလောင်းတွေကိုလေ။ စစ်သားတွေ။ စစ်သားတွေ" လို့ သူက ရှင်းပြပါတယ်။
တိုက်ပွဲကြောင့် လမ်းသွားလမ်းလာကားတွေလည်း နာရီဝက်လောက်ပိတ်မိခဲ့ပြီး ကားသေး ၁ စီးတော့ ကျည်ထိမှန်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျောက်မဲ ဒေသခံ အမျိုးသမီးတယောက်က "ဟုတ်တယ်။ သူတို့လူပဲ ကျသွားတာ။ အရပ်သားထိတာကတော့ မရှိဘူး" လို့ ပြောပါတယ်။
ဘယ်အဖွဲ့နဲ့မှန်းတော့ မသိပေမယ့် ဒီမှာကတော့ အဖွဲ့ကတော့ အကုန်နီးပါး ရှိတယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က ကျောက်မဲမြို့နယ်၊ နမ့်တွေရွာနားမှာ စစ်ကောင်စီနဲ့ TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။