Home
မြန်မာသတင်း
မူဆယ်ကားဝပ်ရှော့‌တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦး သေဆုံး
DVB
·
August 5, 2023
365394438_261743986601175_9163950726142516688_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ စက်မှုဇုန်က ကားဝပ်ရှော့တခုမှာ ဩဂုတ် ၄ ရက် ညနေပိုင်းက ကားတစီးပေါက်ကွဲခဲ့တာကြောင့် လူ ၁ ယောက် သေဆုံးသွားပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ညနေ ၄ နာရီလောက်ကဖြစ်တာလို့ သိရပြီး ဝပ်ရှော့မှာ ပြင်ဆင်ဖို့ လာအပ်ထားတဲ့ ကားတစီးရဲ့အ‌နောက်ခန်းက ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က “ဝပ်ရှော့အပ်ထားရင်း ကားပေါက်ကွဲတယ် လို့ပဲ သိထားပါတယ်၊ ယာဉ်မောင်းအမျိုးသားက‌တော့ သေဆုံးပါတယ်။ အသက် ၃၀ လောက်ပါပဲ။ ဆိုင်ထဲက ယောင်္ကျား ၅ ယောက် တော့ ဒဏ်ရာရထားပါတယ်။ မူဆယ်ဆေးရုံကြီးပဲ ပို့ပေးထားပါတယ် ” လို့ ဆိုပါတယ်။

ကားပေါက်ကွဲမှုကြောင့် အဲဒီကားရဲ့ ယာဉ်မောင်းဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားရဲ့ မျက်နှာပျက်စီး၊ ဦးခေါင်း၊ ရင်ဘတ်ထိခိုက်တဲ့ ပြင်းထန်ဒဏ်ရာတွေရလို့ ပွဲချင်းသေဆုံးသွားပြီး ဆိုင်အတွင်းက အမျိုးသား ၅ ယောက်မှာတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရသွားတာပါ။

ပေါက်ကွဲမှုအတွင်း ကားတစီးလုံးအပါအဝင် ဆိုင်ကယ်တစီးနဲ့ ဆိုင်အတွင်းပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ပြီး အဲဒီနေရာကို စစ်ကောင်စီရဲတွေက လာရောက်စစ်ဆေးခဲ့ကြကာ မူဆယ်မီးသတ်တပ်ဖွဲ့နဲ့ ရှာဖွေကယ်ဆယ်ရေးအသင်းတွေက ကူညီကယ်ဆယ်ရေး လုပ်ခဲ့ကြပါတယ်။

သေဆုံးသူကို အတည်ပြုနိုင်ဖို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကားပေါက်ကွဲမှုဟာ ဗုံးပေါက်ကွဲမှုလား၊ မတော်တဆပေါက်ကွဲမှုလားဆိုတာကိုတော့ သီးခြား အတည်မပြုနိုင် သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024