ရုရှားနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ အတိုက်အခံနိုင်ငံရေးသမား အဲလက်စီ နာဗင်ညီ ဟာ အမြင့်ဆုံး လုံခြုံရေးနဲ့အတူ နောက်ထပ်ထောင်ဒဏ် ၁၉ နှစ်အထိ ကျခံဖို့အတွက် သြဂုတ် ၄ ရက်က အမိန့်ချမှတ် လိုက်ပါတယ်။
ဒီရာဇဝတ်မှုက ရုရှားပြည်သူတွေအပေါ် နိုင်ငံရေးအရ နာခံမှုရှိအောင် ချိုးနှိမ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တွစ်တာလို့ သိထားကြတဲ့ အိတ်စ် လူမှုကွန်ရက်ပေါ်မှာ နာဗင်ညီက လက်ရှိရုရှား အာဏာပိုင်တွေ အရင်ပြုတ်ကျတဲ့အထိ တသက်တကျွန်း ထောင်ဒဏ်ကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ အတိုက်အခံတွေကို နှုတ်ဆိတ်နေစေလိုတဲ့ စီရင်ချက်ဖြစ်သလို ရုရှားနိုင်ငံသားတွေရဲ့ တွန်းလှန်လိုတဲ့ စိတ်ဆန္ဒကိုလည်း သွေဖယ်စေလိုတာ ဖြစ်တယ်လို့ နာဗင်ညီ က ပြောဆိုခဲ့ကြောင်း သူရဲ့ ရှေ့နေတွေနဲ့ ထောက်ခံသူတွေ ကတဆင့် သိရပါတယ်။
ရုရှားပြည်တွင်းမှာ သမ္မတ ပူတင်အပေါ် အပြင်းထန်ဆုံး ဝေဖန်သူဖြစ်တဲ့ နာဗင်ညီဟာ လိမ်လည်မှု နဲ့ အခြားစွဲချက်တွေအရ စုစုပေါင်းထောင်ဒဏ် ၁၁ နှစ်ခွဲအထိ ကျခံနေရတာ ဖြစ်ပါတယ်။
ဒီလို တရားစွဲဆိုမှုတွေဟာ အတုအယောင်သာ ဖြစ်တယ်လို့ နာဗင်ညီ ဘက်က တုံ့ပြန်ထားပြီး သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေက တရားမဝင်တဲ့အပြင် "အစွန်းရောက်ဝါဒီ" လို့ပါ ကြေညာခံထားရကြောင်း သိရပါတယ်။
ရုရှားနိုင်ငံမှာ နာဗင်ညီရဲ့ လှုပ်ရှားမှုတွေ မရှိတော့ပေမယ့်လည်း လူမှုနိုင်ငံရေးအခြေအနေ မတည် ငြိမ်အောင် ကြိုးပမ်းကာ တော်လှန်ရေးတရပ်ပေါ်ပေါက်လာတဲ့အထိ လှုံဆော်နေတာ ဖြစ်တယ်လို့ အာဏာပိုင်တွေဘက်က စွပ်စွဲထားပါတယ်။
Source-Reuters