Home
မြန်မာသတင်း
ဘီးလင်းရေကြီးနေ၊ ရန်ကုန်-မော်လမြိုင်-ထားဝယ်လမ်း ရေကျော်ပြီး ကားများပိတ်မိနေ
DVB
·
August 5, 2023
365602103_225255273837770_2108607415301327016_n

ဘီးလင်းမြို့နယ်ထဲမှာရေကြီးနေသလို မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်း ၄ နေရာ လောက်မှာ ကားလမ်းရေကျော်နေတာကြောင့် သြဂုတ် ၄ ရက်နေ့ ညနေပိုင်းက စလို့ ခရီးသွားကားတွေ ပိတ်မိနေကြပါတယ်။

ဒီရက်ပိုင်း မိုးသည်းသည်းထန်ထန်ရွာခဲ့တာကြောင့် မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ရောက်သွားလို့ ရွှေ​ရောင်ပြကျေးရွာနဲ့ ဒေါက်ရပ် အကြားက ၄ နေရာလောက်မှာ ကားလမ်းရေမြုပ်နေတာဖြစ်ပြီး အိမ်စီးကားတွေလုံးဝဖြတ်မရတော့သလို တချို့နေရာတွေမှာ ချိုင့်ခွက်တွေရှိနေလို့ သတိထားမောင်းနှင်ကြဖို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မြစ်ရေဆက်တက်နေပြီး မိုးလည်းဆက်ရွာနေလို့ ရေဆက်တက်နေပြီး လမ်းအခြေအနေကို စုံစမ်းပြီးမှ သွားလာကြဖို့လည်း သတိပေးထားပါတယ်။

ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်အမှတ်ထက် ၁ ပေခွဲလောက် ကျော်လွန်နေပြီး နောက်တရက်မှာ ထပ်မံမြင့်တက်နိုင်တယ်လို့လည်း မိုးလေဝသဌာနက သတိပေးထား ပါတယ်။

ဘီးလင်းမြစ်ရေကြီးနေတာကြောင့် ဘီးလင်းမြို့နယ်ထဲက အနိမ့်ပိုင်းမှာနေထိုင်ကြတဲ့ လူတွေအတွက် ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်ထားတာကနေ မလုံလောက်လို့ ဩဂုတ် ၄ ရက် မနေ့က စခန်း ၂၄ ခုအထိ ဖွင့်လှစ်နေရာချထားပေးရပြီး အရေးပေါ် အကူညီတွေလည်းလိုအပ်နေတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေး သမားတွေက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်နေသူတယောက်က “အခြေနေဆိုးတယ်။ တခါမှ ဒီလောက် မကြုံဖူးဘူး။ အရင်တပတ်က စခန်း ၄ ခုကနေ ၁၀ ခုဖွင့်တယ်။ ဒီနေ့ဆို ၂၄ ခုထိ ဖွင့်ထားပြီး နိုင်နင်းအောင်ကယ်နေရတာပဲ။ ဒီည မိုးအရမ်းသည်းနေတယ်။ ရေဆက်တိုးလာရင်တော့ မလွယ်ဘူး” လို့ ပြောပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ကစလို့ ဘီးလင်းမြို့ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေထဲကို ရေဝင်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အိမ်ခြေ ၁၂၀၀ ကျော်က မြို့နေပြည်သူ စုစုပေါင်း ၆၀၀၀ ကျော်ကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းနဲ့ ဘုန်းကြီးကျောင်းတွေဆီကို ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းပေါ်က ကလိန်အောင်မြို့နယ် အနားမှာ ကားလမ်းရေကျော်လို့ ခရီးသွားကားတွေ ဒါဇင်နဲ့ချီပိတ်မိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024