ကချင်ပြည်နယ်၊ တနိုင်းခရိုင်ရှိ ရှင်ဗွေယန်နဲ့ စစ်ကိုင်းတိုင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီး နန်းယွန်းမြို့နယ် လမ်းပိုင်းကြားမှာ မိုးကြီးပြီး မြေပြိုကျမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ ပြည်သူတွေ အဘက်ဘက်က ဒုက္ခရောက်နေပါတယ်။
ဇူလိုင်လတုန်းက မိုးသည်ထန် ရေတိုက်စားပြီး လမ်းပိုင်းက ကားနဲ့ ဆိုင်ကယ်တွေ သွားမရလောက်အောင် ပျက်စီးသွားလို့ ခရီးသွားလာ ကုန်ပစ္စည်းတင်ပို့မှု၊ ခရီးသွားလာမှုတွေ ခဏခဏ ရပ်ဆိုင်းသွားရတာမျိုး ဖြစ်နေတယ်လို့ ရှင်ဗွေယန်ဒေသခံတွေက ပြောပါတယ်။
တောင်ပေါ်ကားသမားတဦးက “ခုတော့ ဒေသခံတွေကလည်း တတ်နိုင်သလောက်ဝိုင်း၊ လမ်းတံတားဌာနကလည်း လာကြည့်တော့ ဆိုင်ကယ်တွေ ဖြတ်လို့ရတဲ့ အနေအထားတော့ ရှိတယ်။ ကားကျ ဟိုဘက်နဲ့ ဒီဘက် ချိန်းပြီး ကဲ့ရတယ်။ ပါဂျဲရိုးတစီးစာဆိုရင် တနေကုန်ကဲ့ရတယ်” လို့ ပြောပါတယ်။
ရေတိုက်စားပြီး အကြီးအကျယ်ပျက်တဲ့အပိုင်းက Km (218.00-219.00) ကြား ဖြစ်ကြောင်းလည်း သိရပါတယ်။
ဒေသခံတွေက တရုတ်ဘက်ကမှာထားတဲ့ ရေပြွန်တွေ၊ စက်ယန္တရားတွေ ရောက်လာပြီး ပြင်ဆင်မှုအပိုင်းတွေ လုပ်ပြီးရင်တော့ နည်းနည်း ပိုအဆင်ပြေမယ်လို့ မျှော်လင့်နေပါတယ်။
ပန်ဆောင်က နာဂလူမျိုး ဒေသခံတဦးက “အိန္ဒိယကလူတွေ မြန်မာနိုင်ငံ ရှင်ဗွေယန်ဘက်ကို မြေပုံလေးထောက် ၃ နာရီလောက်ပဲကြာမယ်ဆိုပြီး လာတာ ၁၃ ရက်လောက်ကြာသွားတယ် လို့ ရယ်မောပြောဆိုရလောက်အောင် ပန်ဆောင် နန်းယွန်းလမ်းပိုင်းလည်း အရမ်းဆိုးဝါးသလို နန်းယွန်း ရှင်ဗွေယန်လမ်းက ကားသမားတွေကိုလည်း တောင်ပေါ်ကားသမားတွေလို့ သုံးနှုန်းကြတာပါ။”
နာဂလူမျိုးတွေအတွက်က နန်းယွန်း ပန်ဆောင်ဒေသတွေဟာ နာဂမြေပြန့်ဒေသဖြစ်ကြောင်း ပြောဆိုပြီး လမ်းခရီးအခြေအနေ ဆိုးဝါးမှုနဲ့ ယဥ်ပါးနေကြတဲ့ ဒေသတွေဖြစ်ပါတယ်။
မေလကနေစတင်တဲ့ မိုးရာသီရောက်တိုင်း ဖြစ်နေကျလို့ ဒေသခံတွေက သတ်မှတ်ကြတာဖြစ်ပြီး မြစ်ကြီးနား-ပတ်ဆောင်လမ်းပိုင်း တင်ဒါအောင်ထားသူတွေကလည်း ကိုဗစ်ကာလ စီးပွားရေးကျဆင်းမှု၊ အသွားအလာ လမ်းခရီး တင်းကျပ်မှုတွေကြောင့် ပြီးဆုံးအောင် မဖောက်လုပ်နိုင်တာ ၃ နှစ်ထဲ ဝင်ခဲ့ပြီလို့သိရပါတယ်။