ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ပွဲနဲ့ အစိုးရဖွဲ့နိုင်ရေးအတွက် ဩဂုတ် ၄ ရက် ဒီကနေ့မနက် လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပရာမှာ အထက်လွှတ်တော်အမတ်အများစုက လွှတ်တော်မတက်လို့ ဆွေးနွေးတင်ပြနိုင်ခြင်း မရှိဘဲ အချိန်တိုတိုနဲ့ တပိုင်းတစ လွှတ်တော် ရပ်နားခဲ့ပါတယ်။
လွှတ်တော်အစည်းအဝေးကို ဒီမနက် ၉ နာရီခွဲမှာ စတင်ရာမှာ အထက်လွှတ်တော်အမတ် ၂၄၉ ဦးအနက် ၄၂ ဦးသာ တက်ရောက်လာပြီး ဒီမတိုင်ခင်က ကြေညာထားတဲ့ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ရေးကိစ္စလည်း ဆောင်ရွက်ခဲ့တာ မရှိပါဘူး။
ညွန့်ပေါင်း ၈ ပါတီထဲက ခွဲထွက်လိုက်တဲ့ ဖွေ့ထိုင်းပါတီဟာ ဆန္ဒမဲအများဆုံးရထားတဲ့ MFP လိမ္မော်ရောင်ပါတီ မပါတဲ့ အစိုးရတရပ် ဖွဲ့စည်းမယ်လို့ ကြေညာထားတာကြောင့် ဝေဖန် ရှုတ်ချမှုတွေ အပြင်းအထန်ခံနေရသလို သူတို့ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ဆေထာထဝီးဆင် ဟာလည်း အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းမှာ ဘတ်သန်းပေါင်း ၅၀၀ ကျော် အခွန်ရှောင်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
ဖွေ့ထိုင်းပါတီဘက်ကတော့ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့ ထောက်ခံမဲအရေအတွက် ၃၇၅ အထက်ရရှိရေး ညှိနှိုင်းလို့ မပြီးပြတ်သေးတာကြောင့် ဝန်ကြီးချုပ်အရွေးခံဖို့ အဆင်မသင့်သေးဘူးလို့ ဆိုပါတယ်။
ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ် မရွေးဖြစ်သေးရင် MFP ပါတီဘက်က တင်ပြထားတဲ့ ပုဒ်မ ၂၇၂ (ဝန်ကြီးချုပ် ရွေးကောက်ရာမှာ အထက်လွှတ် တော်အမတ်များ မဲပေးခွင့်) ဥပဒေဖျက်သိမ်းရေးကိစ္စ ဆွေးနွေးမယ်ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမက်နော်မထာက ထုတ်ပြန်ပြောဆိုထားပါတယ်။
အဲဒီကိစ္စလည်း မဆွေးနွေးတဲ့အပြင် ဝန်ကြီးချုပ်လောင်း တယောက်အနေနဲ့ တကြိမ်ထက်မနည်း ရွေးချယ်ခွင့်ရှိမရှိ အငြင်းပွားနေတဲ့ အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၄၁ ကိစ္စမှာလည်း အခြေခံဥပဒေ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကျမလာသေးတာကြောင့် ဆွေးနွေးလို့ မရသေးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
အထက်လွှတ်တော်အမတ်တွေဟာ ပြည်သူပေးတဲ့လစာကို ယူပြီး အစည်းအဝေး လာမတက်ကြတဲ့အပေါ်မှာ တာဝန်ဝတ္တရားလေးစားမှုမရှိဘူးဆိုပြီး MFP ပါတီ လွှတ်တော်အမတ်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ဖုမ်ကျိုင်းထိုင်းပါတီ (အာဏာဟောင်းပါတီ ) ဥက္ကဋ္ဌ နိုင်းအနုထင်း ချန်းဝိရကွန်းကတော့ ပုဒ်မ ၂၇၂ ဥပဒေဖျက်သိမ်းရေး အောင်မြင်မှာမဟုတ်လို့ လွှတ်တော်မှာဆွေးနွေးရင် အချိန်ကုန်ရုံ သာရှိမယ် ၊ အဲဒီအချိန်တွေအစား ပြည်သူတွေ လတ်တလော လိုအပ်နေတဲ့ကိစ္စတွေသာ ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။
လွှတ်တော်အစည်းအဝေးစပြီး ၂ နာရီအကြား မနက် ၁၁ နာရီခွဲလောက်မှာတော့ လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးပိတ်သိမ်းကြောင်း ကြေညာပြီး နောက်တကြိမ် ပြန်စမယ့် နေ့ရက်လည်း သတ်မှတ်ကြေညာခြင်းမရှိပါဘူး။
အစည်းအဝေးအပြီး MFP ပါတီဘက်က အပြင်ဘက်က စောင့်ဆိုင်းနေတဲ့ သတင်းထောက်တွေကို လွှတ်တော်ထဲက အခြေအနေ ပြန်ရှင်းပြခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီကနေ့ အစည်းအဝေးမှာ တင်ပြဆွေးနွေးလိုတဲ့ အရေးကြီးတဲ့အကြောင်းအရာတွေ တင်ပြ ဆွေးနွေးခြင်းမပြုခဲ့ရကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌဟာ သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးမချကြောင်း၊ လွှတ်တော်အစည်းအဝေး ရွှေ့ဆိုင်းတာလား၊ ပိတ်သိမ်းတာလားဆိုတာလည်း မသဲကွဲကြောင်း ပြောပါတယ်။
MFP ပါတီ လွှတ်တော်အမတ် အိုက်စ်ရတ်ချနုတ်ကလည်း အောက်လွှတ်တော်အမတ်တွေဟာ ဒီအစည်းအဝေးကို တက်ရဖို့ ခရီးဝေးကနေ လမ်းစရိတ်အကုန်ခံ၊ အချိန်ပေးပြီး လာခဲ့ကြရတယ်၊ ဒါပေမဲ့ အစည်းအဝေးက ဘာမှန်းမသိဘဲ အချိန်တိုတိုနဲ့ ပြီးသွားတယ်။ ပထမဆုံးအကြိမ် အစည်းအဝေးတက်ရတဲ့ ကိုယ်စားလှယ်အသစ်တွေအနေနဲ့ ထိုင်းလွှတ်တော်အစည်းအဝေး ဆိုတာ ဒါပဲလား ဆိုပြီး သူရဲ့ လူမှုကွန်ရက်မှာ ရေးသားဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်ရွေးကောက်ပွဲမှာ ဆန္ဒမဲအများဆုံးရထားတဲ့ MFP ပါတီက ဒုတိယမဲအများဆုံးရတဲ့ ဖွေ့ထိုင်းပါတီအပါအဝင် တခြားပါတီတွေပါ စုစုပေါင်း ၈ ပါတီ ညွန့်ပေါင်းဖွဲ့ပြီး MFP ပါတီခေါင်းဆောင် ထိမ်းဖိထားကို ဝန်ကြီးချုပ်တင်မြှောက်ကာ ဒီမိုကရေစီ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ စစ်အစိုးရ ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေဆီက လုံလောက်တဲ့ ထောက်ခံမဲ မရခဲ့တာကြောင့် ဒုတိယမဲများတဲ့ ဖွေ့ထိုင်းပါတီအနေနဲ့ ဦးဆောင်ပြီး အစိုးရဖွဲ့သွားဖို့ တာဝန်လွှဲအပ်ခဲ့ပါတယ်။
ဖွေ့ထိုင်းပါတီကလည်း အထက်လွှတ်တော်အမတ်နဲ့ တခြားပါတီတွေကို သွားရောက် ဆွေးနွေးညှိနှိုင်းရာမှာ ပုဒ်မ ၁၁၂ (ဘုရင့်နန်းတော်ဆိုင်ရာဥပဒေ) ပြင်မယ့် MFP ပါတီ ပါရင် မထောက်ခံနိုင်ဘူး ပြောဆိုကြတယ်လို့ ဆိုပါတယ်။
MFP ပါတီဘက်ကတော့ အထက်လွှတ်တော်အမတ်တွေ မထောက်ခံရင် သူတို့သက်တမ်း ကုန်ဆုံးတဲ့ထိ (နောက် ၁၀ လကြာ) စောင့်ဆိုင်းဖို့နဲ့ ဒီကြားထဲ ပုဒ်မ ၂၇၂ ဖျက်သိမ်းရေး ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
ဖွေ့ထိုင်းပါတီဘက်ကတော့ အစိုးရဖွဲ့တာ နောက်ကျရင် တိုင်းပြည်ရဲ့ စီးပွားရေး အလွန်နှောင့်နှေးသွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အထက်လွှတ်တော်အမတ်တွေ သဘောမတူတဲ့ MFP ပါတီကို ဖြုတ်ချပြီး အစိုးရဖွဲ့ဖို့ လုပ်နေတာပါ။
တဖက်ကလည်း ဝရမ်းပြေးဘဝနဲ့ ပြည်ပမှာ ၁၅ နှစ်ကျော်ထွက်ပြေးတိမ်းရှောင်နေတဲ့ ဖွေ့ထိုင်းပါတီ ထူထောင်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဩဂုတ် ၁၀ ရက်နေ့ ပြန်လာမယ်။ သူ ပြန်လာရင် တခြားအကျဉ်းသားတွေလို မဟုတ်ဘဲ တင့်တယ်စွာ ပြန်လာရဖို့၊ ထောင်ထဲမှာ သက်သာစွာနေထိုင်ရဖို့ ဒီမတိုင်ခင်ရှေ့က အာဏာဟောင်းပါတီနဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဟောင်ကောင်မှာ တွေ့ဆုံညှိနှိုင်း သဘောတူချက်ရယူခဲ့တဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
အဆိုပါ သတင်းပေါက်ကြားချက်အရ ဖွေ့ထိုင်းပါတီဟာ ထောက်ခံမဲအပြည့်ရဖို့ စစ်အာဏာရှင်ပါတီဟောင်းတွေနဲ့ ပူးပေါင်းဖို့လည်း ရှိနေတာကြောင့် မဲဆွယ်စဉ် ကြွေးကြော်ခဲ့တဲ့ ဒီမိုကရေစီအရေး ပြည်သူ့အရေးကို ကျောခိုင်းပြီး စစ်အာဏာရှင်ကို အသက်ဆက်မယ့်သူ၊ မိမိအား ယုံကြည်လို့ အစိုးရဖွဲ့ဖို့ တာဝန်အပ်နှင်းတဲ့ MFP ပါတီကို သစ္စာဖောက်ပြီး နောက်ကျော ဓားနဲ့ထိုးတဲ့ပါတီအဖြစ် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
သူတို့ပါတီ အစိုးရဖွဲ့နိုင်ရင်တောင်မှ အပြင်မှာဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို လွှတ်တော်ထဲမှာလည်း ရန်ပုံငွေတွေ တင်ပြရင် အောက်လွှတ်တော် အမတ်ဦးရေအ အများဆုံးရှိထားတဲ့ MFP ပါတီဘက်က ထောက်ခံမဲမရလို့ အစိုးရအလုပ်ကို ချောမွေ့စွာလုပ်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ပါတယ်။
အင်ရှပ်နီပါတီ ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့သူ ဆွန်ထိ လင့်ထောင်းကွန်းကတော့ ထိုင်းနိုင်ငံရေးဟာ စစ်တပ်က နောက်တကြိမ် အာဏာသိမ်းမှ ပြီးပြတ်မယ်လို့ ဝေဖန်သုံးသပ်ပါတယ်။