ထိုင်းနိုင်ငံအနောက်ပိုင်း၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတခုဖြစ်တဲ့ The Thaiger က ဖော်ပြပါတယ်။
မဲဆောက်-တာ့ခ်လမ်းမှာ သြဂုတ် ၃ ရက် ည ၉ နာရီက တရားမဝင် နိုင်ငံခြားသားတွေ ဝင်ရောက်လာမယ်လို့ ကြိုတင်သတင်းရရှိတာကြောင့် ထိုင်းရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေ စစ်ဆေးနေချိန်မှာ ဟင်းသီးဟင်းရွက် တင်ဆောင်လာတဲ့ ခြောက်ဘီးထရပ်ကားတစီးထဲမှာ လိုက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၅၂ ဦးကို ထိုင်းယာဥ်မောင်းနဲ့ အတူ ဖမ်းဆီးမိခဲ့တာပါ။
ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ကားကို တားဆီးစစ်ဆေးချိန်မှာ ထိုင်းလူမျိုးယာဥ်မောင်းဟာ ဂနာမငြိမ် ဖြစ်နေတာကြောင့် မသင်္ကာတော့ဘဲ တာဝန်ရှိသူတွေက ယာဥ်ပေါ်မှာပါလာတဲ့ ဟင်းသီးဟင်းရွက်အိတ်တွေကို သံချွန်တွေနဲ့ ထိုးဖောက်တဲ့အခါ အိတ်အတွင်း နာကျင်စွာ အော်သံ ကြားရတဲ့အခါ တာဝန်ရှိသူတွေဟာ အိတ်တွေကို အလျင်အမြန်ဖယ်ရှားပြီး ပြွတ်သိပ်လိုက်လာကာ အသက်ရှူမဝဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်တင်ခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ ဟင်းသီးဟင်းရွက်အိတ်တွေကို အလျင်အမြန် ဖယ်ရှားလိုက်ပေမဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အများစုဟာ အသက်ရှူမဝဖြစ်နေတဲ့ ဒဏ်တွေကြောင့် မူးလဲကုန်ပါတယ်။
အမည်မသိ ပွဲစားတဦးက ဘန်ကောက်မှာ ဝင်ငွေကောင်းတဲ့အလုပ် ရှိတယ်ဆိုပြီး မြန်မာနိုင်ငံသား ၅၂ ဦးကို ခေါ်ယူခဲ့တာဖြစ်ပြီး တယောက်ကို ဘတ်ငွေ ၂၀,၀၀၀ ဆီ တောင်းယူခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ အသက် ၃၇ နှစ်အရွယ် ထိုင်းနိုင်ငံသား ကေဝါဆီကို တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံသား ၅၂ ဦးကိုတော့ နိုင်ငံတကာ လူမှုဖူလုံရေး စောင့်ရှောက်မှုအောက်မှာ ထိန်းသိမ်းထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စုန်ခလာက အမျိုးသားတဦးကို အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းဘတ်ငွေ ၃၀,၀၀၀ နဲ့ ထိုင်းနိုင်ငံအတွင်း ခိုးသွင်းမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
Source - The Thaiger