ဆိုရှယ်မီဒီယာပေါ်မှာဖြစ်စေ ဒါမှမဟုတ် အဝတ်လဲခန်းမှာဖြစ်စေ လိင်တူချစ်သူတွေအပေါ် ခွဲခြားတဲ့ မှတ်ချက်ပြုမှုတွေ ကြားရတဲ့အခါ နှုတ်ဆိတ်နေတော့မှာ မဟုတ်ဘူးလို့ အာဆင်နယ်အသင်းရဲ့ ဂိုးသမား အေရိန်ရမ်းစ်ဒေးလ်က ပြောပါတယ်။
ဘောလုံးလောကဟာ “လုံခြုံစွာနဲ့ ကြိုဆိုတဲ့ နေရာတခုသာ” ဖြစ်စေချင်ကြောင်း သူက ဖြည့်စွက်ပြောပါတယ်။
သြဂုတ် ၃ ရက်က ထုတ်ဝေလိုက်တဲ့ ဆောင်းပါးတခုမှာ ရမ်းစ်ဒေးလ်က သူ့ရဲ့ ကတိပြုမှုဟာ လိင်တူချစ်သူတဦးဖြစ်တဲ့ အစ်ကိုဖြစ်သူအတွက်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘောလုံးပွဲတွေမှာ လူမျိုး၊ ဘာသာနဲ့ လိင်ဖြစ်တည်မှုအပေါ် စော်ကားခံရတာ ဒါမှမဟုတ် ခွဲခြားခံရမှာမျိုးကို စိုးရိမ်နေရခြင်းမရှိဘဲ လာရောက်ကြည့်ရှုစေချင်တယ်လို့ ရမ်းစ်ဒေးလ် မှတ်ချက်ပေးပါတယ်။
“ဘောလုံးအားကစားနည်းဆိုတာ အားလုံးအတွက်ပါ။ တကယ်လို့ မင်းဘက်က ဒါကို သဘောမတူဘူးဆိုရင် ပါးစပ်ပိတ်ပြီး မှန်ထဲကြည့်နေရမယ့်သူက မင်းကိုယ်တိုင် ဖြစ်နိုင်တယ်” ဆိုပြီး အသက် ၂၅ နှစ်အရွယ် ဂိုးသမားက ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း လိင်တူခွဲခြားမှုဆိုင်ရာ သံပြိုင်ကြွေးကြော်မှုတွေနဲ့ ပတ်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဖြစ်ရပ်များစွာအပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝုဗ်အသင်းရဲ့ ပရိသတ်ပွဲကြည့်စင်တခုမှာ လိင်တူချစ်သူတွေအပေါ် ခွဲခြားတဲ့ အော်ဟစ်မှုတွေကြောင့် မကြာသေးမီကပဲ ပေါင် ၁ သိန်းအထိ ဒဏ်ရိုက်ခံထားရပါတယ်။
Source - Reuters