တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံ ပြည်သူ ၂ ဦးလက်နက်ကြီကျည် ထိမှန်ခဲ့ပြီး ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
သြဂုတ် ၃ ရက် ညက စစ်ကောင်စီရဲ့ ခမရ ၅၆၁ အမြောက်တပ်က အနီးအနား ကျေးရွာတွေပေါ်ကို လက်နက်ကြီး အချက်ပေါင်း ၂၀ ကျော်အထိ ရမ်းသန်းပစ်ခတ်ခဲ့လို့ ရွာသားတချို့ လက်နက်ကြီးထိမှန်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံပြည်သူတဦးက “လပြည့်ညတည်းက ပစ်နေတာ။ ညဘက်ပဲပစ်တယ်။ ညဘက် အိပ်လို့မရဘူး။ ဒီညတော့ အချက် ၂၀ ကျော်တယ်။ ဘာမှမမြင်ရဘဲ ရမ်းသန်းပြီးပစ်နေတာ” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်သူ ၂ ဦးမှာ ဘန်လောကျေးရွာက အမျိုးသားတယောက်နဲ့ ခြောက်မိုင်ကျေးရွာက အမျိုးသမီးတယောက်တို့ ဖြစ်ပြီး အမျိုးသားဖြစ်သူဟာ ကျောဘက်ကို ကျည်စစင်ပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဩဂုတ် ၁ ရက်က ခမရ ၅၆၁ တပ်နဲ့ စရဖရုံးတို့ တိုက်ခိုက်ခံရပြီးနောက် တနင်္သာရီမြို့တွင်း လုံခြုံရေး တင်းကျပ်ထားသလို ခမရ ၅၆၁ တပ်ကနေ ညဘက် ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်တုန်းကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၅ ဦးလက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။