နိုင်ငံသားတွေကို အချင်းချင်း ထောက်လှမ်းဖို့ အားပေးတာဟာ အလွန်စိုးရိမ်စရာ ကောင်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်မေလာက အခုသီတင်းပတ် အစောပိုင်းမှာ ပြောလိုက်ပါတယ်။
သူလျှိုတွေကို တန်ပြန်ထောက်လှမ်းရေး အများပြည်သူ ပါဝင်ဆောင်ရွက်နိုင်တဲ့ စနစ်တခု တည်ထောင်နိုင်တယ်လို့ တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ဒီသီတင်းပတ် အစောပိုင်းမှာ ပြောအပြီး မေလာက ခုလို ပြောလိုက်တာပါ။
ဒီဝန်ကြီးဌာနဟာ နိုင်ငံခြားထောက်လှမ်းရေးနဲ့ သူလျှိုတန်ပြန်ထောက်လှမ်းရေးတို့ကို ကြီးကြပ်တဲ့ အဓိကအေဂျင်စီပါ။
ဝန်ကြီးဌာနရဲ့ WeChat အကောင့်က ပထမဆုံးပို့စ်မှာ တရုတ်ဟာ သူ့နိုင်ငံသားတွေကို တန်ပြန်သူလျှိုလုပ်ငန်းမှာ ပါဝင်ဖို့ တိုက်တွန်းသင့်တယ်၊ ချီးမွမ်းတာနဲ့ ဆုချီးမြှင့်တာ အပါအဝင် လူတဦးချင်းစီအတွက် သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်တွေကို သတင်းပို့ဖို့ လမ်းကြောင်းတွေ ဖန်တီးပေးသင့်တယ်လို့ ပြောထားပါတယ်။
Source - Reuters