နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်နဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရတဲ့ ရုရှား ကာကွယ်ရေး သတင်းထောက်ဟောင်း အိုင်ဗန် ဆာဖရွန်နော့ဗ်ဟာ သြဂုတ် ၂ ရက်က သူ့ရဲ့ နောက်ဆုံးအယူခံ လျှောက်ထားမှု ရှုံးနိမ့်ခဲ့ကြောင်း ရိုက်တာသတင်းထောက်က ပြောပါတယ်။
အိုင်ဗန် ဆာဖရွန်နော့ဗ်ကို ဖေဖော်ဝါရီလကတည်းက ဆိုက်ဘေးရီးယားရဲ့ ကရာစ်နိုယာ့စ်ခ်ဒေသရှိ လုံခြုံရေး မြင့်မားတဲ့ အကျဉ်းထောင်ကို ပြောင်းရွှေ့ထားတာ ဖြစ်ပြီး မနေ့က မော်စကိုမြို့ရှိ တရားရုံးချုပ် ဆုံးဖြတ်ချက်အတွက် မတက်ရောက်ခဲ့ပါဘူး။
အိုင်ဗန် ဆာဖရွန်နော့ဗ်ဟာ ရုရှားဘာသာထုတ် နိုင်ငံရေးနဲ့ စီးပွားရေး သတင်းစာစောင်တွေဖြစ်တဲ့ ကွန်မာဆန့်ထ်နဲ့ ဗီဒိုမိုစ်တီ သတင်းစာတွေအတွက် သတင်းထောက်ဟောင်းတဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရုရှားအာကာသအေဂျင်စီရဲ့ အကြီးအကဲအတွက် အကြံပေးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဆာဖရွန်နော့ဗ်ကို ၂၀၂၀ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေကို ထုတ်ဖော်မှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။
သူဟာ နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ ချက်သမ္မတနိုင်ငံကို စစ်ဘက်လျှို့ဝှက်ချက်တွေကို လွှဲပြောင်းပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ ဒါပေမဲ့ အီဂျစ်ကို တိုက်လေယာဉ်တွေ ရောင်းချမယ့် ရုရှားရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အိုင်ဗန် ဆာဖရွန်နော့ဗ်ရဲ့ သတင်းရေးသားဖော်ပြမှုအတွက် လက်စားချေခြင်းဖြစ်ကြောင်း သူ့ရဲ့ ရှေ့နေအဖွဲ့က ပြောကြားခဲ့ပါတယ်။
သူ့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စီရင်ချက်ချခဲ့တာဖြစ်ပြီး သူ့ဘက်က ထောက်ခံသူတွေကတော့ ဒါဟာ ရုရှားမှာ မီဒီယာလွတ်လပ်ခွင့် မရှိတာကို ပြသနေတဲ့ ပြင်းထန်လွန်းတဲ့ စီရင်ချက်လို့ ခေါ်ဆိုကြပါတယ်။
Source - Reuters