မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၈ ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ် မိသားစုပိုင် ယမုံနာတည်းခိုခန်း၊ မုန့်တိုက်နဲ့ လူနေအိမ်တွေကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၂ ရက် ညနေ ၃ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးအောင်မျိုးလတ် မိသားစု ပိုင်ဆိုင်တဲ့ ယမုံနာအမည်နဲ့ တည်းခိုခန်း၊ မုန့်တိုက်နဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။
မြင်းခြံမြို့ခံတဦးက “သူတို့ ချိပ်ပိတ်သွားတဲ့ မြေနေရာတွေက အဲ့အစ်ကို အမေပိုင်တာ။ အဲ့ဒီအစ်ကိုပိုင်တဲ့ နေရာတွေလည်း မဟုတ်ဘူး။ ပိုင်ဆိုင်မှု စာချုပ်စာတန်းတွေကလည်း မိခင်ဖြစ်တဲ့သူ ပိုင်တာကို အထောက်အထားပြနိုင်ရဲ့သားနဲ့ လုပ်သွားတာ။ NLD ပါတီက ကိုယ်စားလှယ်ဆိုတော့ တမင်ကိုလုပ်တာလို့ပဲ ထင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ဦးအောင်မျိုးလတ်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တဲ့အတွက် ရှောင်ရှားနေခဲ့ရပြီး အခုနှစ် ဇူလိုင် ၂၆ ရက်နေ့မှာတော့ မိသားစုဝင်ဖြစ်တဲ့ ညီအစ်မ ၂ ဦးကို မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးပြီး တပတ်အကြာမှာ အခုလို တည်းခိုခန်းနဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။
ဦးအောင်မျိုးလတ်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး မြင်းခြံခရိုင် အမှတ်-၁ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကို တာဝန်ယူထားသူ ဖြစ်ပါတယ်။
ဦးအောင်မျိုးလတ်ဟာ မြင်းခြံမြို့နယ်အတွင်း Prime Promoter စာကြည့်တိုက်နဲ့ လူမှုရေးအသင်းတွေကို တည်ထောင်သူထဲက တဦးလည်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုလည်း လစဉ်ထောက်ပံ့တဲ့ ပရဟိတသမားတဦး ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။