ပဲခူးအနောက်ခြမ်း၊ သာယာဝတီဗဟိုအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူ ၁၅ ယောက် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်က သာယာဝတီ ဗဟိုအကျဉ်းထောင်တွင်းမှာ “အာဇာနည်နေ့ အထိမ်းအမှတ် ဖဲကြိုးပြား အနက်ရောင် ရင်ဘတ်မှာ ချိတ်ဆွဲတပ်ဆင်တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ယောက်ကို တိုက်ပိတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူတဦးက “ပြန်လွတ်လာသူတွေဆီက သိရတာ၊ အဲ့ဒါကြောင့် နည်းနည်းနောက်ကျတာပါ။ အရိုက်ခံထားရတယ်လို့ ပြောတယ်။ အဲ့ထဲမှာ ဒေါ်ရီရီဆွေဆိုတာ ၅၀ ကျော် ၆၀ အသက်ပတ်ချာလည် အသက်ကြီးသူဖြစ်တယ်။ အာဇာနည်နေ့တည်းက အခုထိ ပိတ်ခံထားရတာပါ။ ၅၀၅ တွေပေါ့၊ အဓိက နိုင်ငံရေးအကျဥ်းသားတွေပေါ့။ ဖောက်ခွဲတို့ အကြမ်းဖက်တို့ အဲ့ခေါင်းစဥ်တွေနဲ့ အတပ်ခံထားရတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပိတ်ခံရသူတွေက မနှင်းလဲ့နန္ဒာလွင် ထောင်ဒဏ် ၁၀ နှစ်၊ မရွှန်းအိဖြူ ထောင်ဒဏ် ၇ နှစ်၊ မနီလာစိမ်း ထောင်ဒဏ် ၇ နှစ်၊ မဆုရည်ပိုင် ထောင်ဒဏ်တသက်၊ မဝတ်ရည်လွင် ထောင်ဒဏ် ၁၀ နှစ်၊ မအေးသီတာကျော် ထောင်ဒဏ် ၃ နှစ်၊ မရီရီဆွေ ထောင်ဒဏ် (စုံစမ်းဆဲ)၊ မလွင်လွင်ညွန့် (ခ) အားဂျာ ထောင်ဒဏ် ၁၀ နှစ်၊ မစန္ဒီညွန့်ဝင်း ထောင်ဒဏ် ၆ နှစ်၊ မအေးသက်စံ ထောင်ဒဏ် ၁၀ နှစ်၊ မရွှေရည်ညွန့် (ခ) သဲသဲ ထောင်ဒဏ် ၆ နှစ်၊ မယမင်းထက် ထောင်ဒဏ်တသက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင် ထောင်ဒဏ် ၁၀ နှစ်တို့ဖြစ်ပြီး တိုက်အမှတ် ၂၀ မှာ တယောက်တခန်းစီ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။
အကျဉ်းထောင်တွင်း ဖိနှိပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ကျဥ်းတွေအားလုံး ထောင်ဝင်စာ တရားဝင်တွေ့ခွင့်ရရှိရေး တောင်းဆိုနေပေမဲ့ အခုထိ ခွင့်ပြုတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
“နိုင်ကျဥ်းတွေကို ထောင်ဝင်စာတွေ့ခွင့် အခုထိမရသေးဘူး။ ထောင်ပိုင်နဲ့ လက်သင့်ရာတွေကတော့ တရားမဝင် တွေ့ခွင့်ရနေတာ ရှိတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ထောင်ဝင်စာတွေ့ခွင့် ကမ်ပိန်းလုပ်ခဲ့ပေမဲ့ တွေ့ခွင့်မရသေးပါဘူး” လို့ သူက ဆက်ပြောပါတယ်။
မနေ့က လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့အထဲမှာ သာယာဝတီထောင်ကနေ အကျဥ်းသား ၁၂ ယောက်နဲ့ အကျဥ်းသူ ၁၈ ယောက်သာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။