မြန်မာသံ အဆိုတော် ပိုင်သက်ကျော်ဟာ ဩဂုတ် ၁ ရက်က ရန်ကုန်၊ အင်းစိန်ထောင်ကနေ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာပြီလို့ မြန်မာဂီတအသိုင်းအဝိုင်းက သိရပါတယ်။
အဆိုတော် ပိုင်သက်ကျော်ဟာ CDM တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်က ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာရှိ နေအိမ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီး ၃ လအကြာ ဇွန်လမှာပဲ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၀(ည) နဲ့ စစ်ကောင်စီ အင်းစိန်ထောင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
မြန်မာသံအဆိုတော် ဇေယျာနိုင်ရဲ့ လူမှုကွန်ရက်မှာ “ဝမ်းသာမဆုံးပါဘူး ညီလေးရေ၊ အမှတ်တရ ဝါဆိုလပြည့်”လို့ မျှဝေထားတာကို တွေ့ရပြီး မြန်မာသံအဆိုတော်ဖြစ်တဲ့ ရဲရင့်အောင်ရဲ့ လူမှုကွန်ရက်မှာလည်း “အပျော်ရွှင်ရဆုံးနေ့၊ ဆရာ ပိုင်သက်ကျော် လွတ်ပြီ၊ လပြည့်မှာ ဆန္ဒတွေပြည့်ပြီ၊ အရမ်းပျော်” လို့ ရေးသားထားပါတယ်။
ဖမ်းဆီးခံခဲ့ရပြီး ၁ နှစ်ခွဲလောက်အကြာမှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ အဆိုတော် ပိုင်သက်ကျော်ဟာ မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းသူဖြစ်ပေမဲ့ မြန်မာတေးဂီတမှာ “ကိုသာကျော်၊ မောင့်ဘဝဗေဒါ၊ သမုဒယဝါဆိုမိုး၊ အပျိုကြီး၊ စံပယ်ပုံပြင်” စတဲ့ မြန်မာကျေးလက်သီချင်းတွေနဲ့ ပရိသတ်ရဲ့အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။